AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ နှမနဲ့ယောက်ဖ လေဆိပ်မှာအဖမ်းခံရ

နေရိန်ကျော်
2019.10.19
tunmyatnaing-aa-622.jpg AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ၂၀၁၉၊ ဧပြီ ၁၄ ရက်နေ့က ကျင်းပတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃ဝ ပြည့် အခမ်းအနားအကြို ညစာစားပွဲမှာ တွေ့ရစဉ်
Photo: Kan Thar and Thiha Tun/ RFA

မြန်မာ့တပ်မတော်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ AA ရခိုင့်တပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ နှမ၊ ယောက်ဖနဲ့ သူတို့ရဲ့ လေးနှစ်အရွယ်သမီးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောက်တိုဘာလ ၁၉ ရက်၊ မနေ့ နေ့လယ် ၂ နာရီလောက်က ဖမ်းလိုက်ပါတယ်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့နှမ မမိုးနှင်းဖြူက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို အလည်သွားပြီးပြန်လာတဲ့ သူ့ခင်ပွန်း ကိုကျော်နိုင်နဲ့သမီးကို လေဆိပ်မှာ သွားကြိုတဲ့အချိန်မှာ အဖမ်းခံလိုက်ရတာလို့ မိသားဝင် တစ်ဦးက RFA ကိုပြောပါတယ်။ ညဖက်မှာတော့ မမိုးနှင်းဖြူနဲ့သမီးကို သူတို့နေတဲ့ရပ်ကွက်ဆီ ရဲတပ်ဖွဲ့ဝင် အစောင့်အရှောက်နဲ့ခေါ်လာပြီး ကလေးကို ရပ်ကွက်လူကြီးတွေကနေတဆင့် ဆွေမျိုးတွေဆီမှာ အပ်ထားခဲ့ပြီးတဲ့နောက် မမိုးနှင်းဖြူကို ပြန်ခေါ်သွားတယ်လို့ပြောပါတယ်။

သူတို့ကိုဖမ်းသွားတဲ့ဖြစ်ရပ်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြောခွင့်ရသူ ရဲမှူးကြီး မျိုးသူစိုးနဲ့ အထူးစုံစမ်း စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးကို မနေ့ည ၁၀ နာရီလောက်မှာ RFA က တယ်လီဖုန်း နဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။

မမိုးနှင်းဖြူတို့ဇနီးမောင်နှံကို ဘယ်အဖွဲ့ကဖမ်းတယ်၊ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ခေါ်သွားတယ် ဆိုတာ ကျန်တဲ့မိသားစုတွေကိုလည်း အသိမပေးဘူးလို့ မိသားစုဝင်တစ်ဦးက RFA ကိုပြောပါတယ်။ ကိုကျော်နိုင်ဟာ လေဖြတ်ထားတဲ့အတွက် အနားယူဖို့ ဆရာဝန်ကညွှန်ကြားထားတာကြောင့် ချင်းမိုင် ကိုသွားတာဖြစ်သလို၊ အခုဖမ်းထားချိန်မှာ တစ်ခုခုထပ်ဖြစ်မှာကိုလည်း ဆွေမျိုးတွေက စိုးရိမ်နေတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ပတ်သက်လို့ ညီဖြစ်တဲ့ ကိုအောင်မြတ်ကျော်ကိုလည်း ဇူလိုင်လ ၁၀ ရက်နေ့ ကတည်းကဖမ်းထားပြီး အကြမ်းဖက်ဥပဒေနဲ့ တရားစွဲထားသလို၊ အခုတစ်ခါ နှမတစ်ယောက်ကို ထပ်ဖမ်းတဲ့အတွက် ကျန်တဲ့ ညီအကိုမောင်နှမတွေအားလုံး စိုးရိမ်ထိပ်လန့်နေကြတယ်လို့ ပြောပါတယ်။ မနေ့ကအဖမ်းခံလိုက်ရတဲ့ မမိုးနှင်းဖြူတို့ဇနီးမောင်နှံမှာ အသက် ၁၀ အရွယ်နဲ့ ၄ နှစ်အရွယ် သမီးနှစ်ယောက်ရှိပြီး အခုတော့ ဆွေမျိုးတွေကစောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက်မှာ အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖမ်းတဲ့အခါ သူတို့ကိုမမိရင် ကျန်တဲ့မိသားစုဝင်တွေကို ဖမ်းတဲ့ဖြစ်ရပ်တွေ အတော်များများရှိခဲ့တဲ့အတွက် အခုခေတ်မှာ ပြန်ကျင့်သုံးနေတာကို အစိုးရအနေနဲ့ ဆင်ခြင်သင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP အတွင်းရေးမှူး ကိုတိတ်နိုင်ကပြောပါတယ်။

"အခုဖမ်းတယ်ဆိုတဲ့ကိစ္စက ဘာကြောင့်ဖမ်းတယ်ဆိုတာတွေ ကျနော်တို့ သေသေချာချာ မသိရသေး ပါဘူး။ ဒါပေမဲ့ ဖြစ်စဉ်ကိုကြည့်တဲ့အခါ၊ ဒါက ၁၉၉၀ နှစ်တွေတုန်းက သားသမီးဖမ်းတဲ့အခါမှာ မမိလို့ အဖေတွေအမေတွေကို ဖမ်းတယ်၊ ဓားစာခံပေါ့လေ။ ဆိုတော့ အဲဒီပုံစံမျိုး လုပ်လေ့လုပ်ထရှိတယ်။ ဒါတွေက တောက်လျှောက်လုပ်ခဲ့တာပါ။ ဒါကအရင်တုန်းက အမွေဆိုးကိုပြန်ပြီးတော့ ကျင့်သုံးနေသလို ဖြစ်နေတယ်လို့ ကျနော်တို့က အဲဒီလိုမြင်တယ်။ ဒါမျိုးဆိုရင်တော့ နိုင်ငံတကာကလည်း ဖိအားတွေပေးလာနိုင်တဲ့ အနေအထားမျိုးဆိုလို့ရှိရင် အစိုးရကလည်း ဘာပဲပြောပြော အကျပ်အတည်းတွေ့ရမယ့် ကိစ္စမျိုးဖြစ်လာနိုင်ပါတယ်။ ဆိုတော့ ဒါကိုတော့ ချိန်ချိန်ဆဆလုပ်သင့်တယ်လို့ ထင်ပါတယ်"

ဘယ်အဖွဲ့က ဘာကြောင့်ဖမ်းတာလဲဆိုတာ မိသားစုတွေ မသိရတဲ့အတွက် ဒီလိုလက်လွတ်စပယ် ဖမ်းတဲ့လုပ်ရပ်ဟာ ဥပဒေနဲ့မညီဘူးလို့ အာရှလူ့အခွင့်အရေးကော်မရှင် AHRC က ရှေ့နေ ဦးမင်းလွင်ဦး ကလည်း ပြောပါတယ်။

"လူ့အခွင့်အရေးရှုထောင့်အနေနဲ့ပဲ ထားထားပေါ့လေ။ ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံသားတွေ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်။ လှုပ်ရှားခွင့်ရှိတယ်။ အသက်ရှင်သန်ခွင့်ရှိ တယ်။ ဒါဟာ ဥပဒေကပေးထားတဲ့ အခြေခံအနည်းဆုံး အခွင့်အရေးဖြစ်တယ်။ စောစောကပြောသလို လူတစ်ယောက်ကို မသင်္ကာတာနဲ့တင် ဖမ်းဆီးချုပ်နှောင်ဖို့ ဥပဒေအရလည်း ခွင့်ပြုထားတာမရှိပါဘူး။ အခုလိုမျိုးပေါ့နော် လူတစ်ယောက်ကို မသင်္ကာတာနဲ့ ဘယ်ရဲတပ်ဖွဲ့ကမှန်းမသိ၊ ဘယ်အဖွဲ့ကမှန်းမသိ ဖမ်းဆီးသွားတဲ့ဖြစ်ရပ်မျိုးတွေက ကျနော်တို့ ယခင် စစ်အစိုးရလက်ထက်မှာ တော်တော်များများဖြစ်ခဲ့ဖူးတယ်။ အခုလည်း ဒါတွေ တော်တော်များများဖြစ်နေတယ်ဆိုတာ ကျနော်တို့သိရတယ်။ အဲတော့ လက်ရှိအစိုးရအနေနဲ့ ဒီကိစ္စတွေ  ထပ်မဖြစ်အောင် ထိန်းသိမ်းသင့်တယ်၊ ထိန်းကြောင်းသင့်တယ်၊ ဥပဒေပိုင်းအရလည်း တာဝန်ရှိတဲ့သူတွေကို ဖိအားပေးပြီး ဆောင်ရွက်ဖို့လိုပြီလို့ ကျနော်တို့မြင်ပါတယ်"

AA ရက္ခိုင့်တပ်တော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဗိုလ်မှူးချုပ် ညိုထွန်း အောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ တို့လေးယောက်ကို မြောက်ဦးမြို့နယ် စခန်းမှူး ဒုရဲမှူး အောင်သူရက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ မတ်လကတည်းက အမှုဖွင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။