မြန်မာနယ်စပ်မှာ တရုတ်စစ်ရေးလေ့ကျင့်မှုစတင်
2024.08.27
တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ဟာ မြန်မာ-တရုတ် နယ်စပ်မှာ ကြည်းတပ်နဲ့ လေတပ် ပူးပေါင်းပြီး သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ ၂၇ ရက်နေ့ စတင်လိုက်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ် ရွှေလီမြို့ အပါအဝင် နေရာ လေးနေရာမှာ ဘက်ပေါင်းစုံ တားဆီးမှုနဲ့ ပူးတွဲတိုက်ခိုက်ရေး စွမ်းရည်စမ်းသပ်ဖို့အပြင် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ရည်ရွယ်ပြီး စစ်ရေးလေ့ကျင့်တာလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၆ ရက်နေ့မှာ ပြောထားပါတယ်။
"နယ်စပ်ဒေသမှာ တိုက်ပွဲဖြစ်ရင် တရုတ်ပြည်ဘက်မှာလည်း လက်နက်ကြီးကျည်ကျတာမျိုးတို့၊ နောက် မတည်မငြိမ်ဖြစ်တာတို့ တရုတ်ဘက်က ပြည်သူလူထုတွေ ထိခိုက်တာတို့ မဖြစ်အောင်ပေါ့နော်"
လက်ရှိမှာတော့ ကျယ်ဂေါင်မြို့ပေါ်မှာ တရုတ်စစ်တပ်က တင့်ကားတွေနဲ့ ကင်းလှည့်တာအပြင် ဝေဟင်ကနေပါ ကင်းလှည့်တာတွေ မြင်တွေ့ရတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက RFA ကိုပြောပါတယ်။
"အရင်တုန်းကတော့ ဒီဘက်မှာ သူတို့ စစ်ရေးလာလေ့ကျင့်တာမျိုး မရှိဘူးပေါ့နော်။ အခုတလော မြန်မာပြည်အခြေအနေ ဆိုးလာတာနဲ့အမျှ ဒီဘက်မှာ သူတို့တွေလည်း တင့်ကားတို့ ဘာတို့ ဒီဘက်မှာ လာချပြတယ်။ ပြီးရင် စစ်ရေးလာလေ့ကျင့်တာတို့ ရှိတာပေါ့။ ဟက်စကီးတို့ဘာတို့ မိုးပေါ်ပျံတာအထိ မြင်တွေ့ရတယ်။ အရင်တုန်းက မတွေ့ရဘူး။ ဒီတလောမှာ ဒီကိစ္စတွေ (စစ်ရေးလေ့ကျင့်)တာတွေ တွေ့ရတာပေါ့"
လတ်တလော တရုတ်-မြန်မာ နယ်စပ် တစ်လျှောက်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာ မရှိပေမဲ့ နယ်စပ်တစ်လျှောက်ကို ခြေကုပ်ယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဌာနချုပ်နဲ့ သူတို့ထိန်းချုပ်ထားတဲ့ နယ်စပ်မြို့တွေကို စစ်ကောင်စီက လေကြောင်းနဲ့ မကြာခဏ လာရောက် ပစ်ခတ်တာတွေ ရှိနေတာပါ။
ဒါကြောင့် စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် နှစ်ဖက်လုံးကို သတိပေးတဲ့အနေနဲ့ စစ်ရေးလေ့ကျင့်တာလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"နယ်စပ်ဒေသမှာ တိုက်ပွဲဖြစ်ရင် တရုတ်ပြည်ဘက်မှာလည်း လက်နက်ကြီးကျည်ကျတာမျိုးတို့၊ နောက် မတည်မငြိမ်ဖြစ်တာတို့ တရုတ်ဘက်က ပြည်သူလူထုတွေ ထိခိုက်တာတို့ မဖြစ်အောင်ပေါ့နော်။ အဲဒါကို ကာကွယ်တဲ့အနေနဲ့ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းနဲ့ စကစတွေကို အသိပေးတဲ့ ပုံစံမျိုးနဲ့ စစ်ရေးလေ့ကျင့်တာ ဖြစ်မယ်လို့ ကျွန်တော် သုံးသပ်တာပါ"
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့မှာ အခြေစိုက်ထားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ကို လေကြောင်းနဲ့ လာရောက်ဗုံးကြဲတဲ့အချိန် တရုတ်ဘက်က တန်ပြန် သတိပေး ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ KIA က ပြောပါတယ်။
မတ်လအတွင်းက လိုင်ဇာနဲ့ လွယ်ဂျယ်မြို့ တစ်ဝိုက်မှာ KIA ရဲ့ ထိုးစစ်ပြင်းထန်နေချိန်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် သုံးလုံးခန့် တရုတ် နယ်နိမိတ်ထဲ ကျရောက်ခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စစ်ရေးလေ့ကျင့်တာလို့ တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော်က RFA ကို ပြောပါတယ်။
"ကျွန်မတို့ဘက်က ရုတ်ရုတ်ဖြစ်ပြီဆိုရင် သူတို့က သတိပေးစာလည်း ထုတ်တယ်။ စစ်ရေးလာလေ့ကျင့်တယ်။ ကိုယ့်ဟာကိုယ်ဖြစ်လို့ရှိရင် သူတို့နယ်ထဲကို ဘာမှ မကျရဘူးပေါ့နော်။ ကျလို့ရှိရင် ဘယ်ဖက်ကကြောင့်ပဲ ကျကျပေါ့နော်၊ တော်လှန်ရေးတပ်ဖွဲ့တွေပဲ ဖြစ်ဖြစ်၊ စစ်တပ်ကပဲဖြစ်ဖြစ် သည်းမခံဘူးလို့ ပြောထားပြီးသားဗျ။ တရုတ်က ဒီလိုဗျ၊ ပရီအန်းတစ်ပ်လို့ ခေါ်တယ်။ မဖြစ်ခင်ကြိုတင် ကာကွယ်တာပေါ့၊ ဖြစ်မှမဟုတ်ဘူး။ ကြိုတင်ကာကွယ်တဲ့ နည်းပရိယာယ်ပဲ။ လေယာဉ်တွေကလည်း လမ်းချောဘာညာ အဲဒါတွေဘာတွေရှိတော့ စောစောစီးစီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်တာပဲ"
မြောက်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲပြင်းထန်လာပြီးနောက် တရုတ်စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှု သုံးကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ လေးကြိမ်မြောက် စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) ရဲ့ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ပြောခွင့်ရသူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့အတိုင်းသာဖြစ်တယ်လို့ အကြောင်းပြန်ပါတယ်။
PLA တောင်ပိုင်း စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး တန်ကျွန်းလီကတော့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဘက်ပေါင်းစုံတားဆီးမှုနဲ့ ပူးတွဲတိုက်ခိုက်ရေးစွမ်းရည် စမ်းသပ်ဖို့၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေးအပြင် ပြည်သူလူထုရဲ့အသက်အိုးအိမ် ဘေးကင်းရေးတို့အတွက် အတွက် ရည်ရွယ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မကြာခဏ စစ်ရေးလေ့ကျင့်မှုတွေ လုပ်လာတာဟာ မြန်မာပြည်တွင်း ပဋိပက္ခမှာ အနောက်အုပ်စုရဲ့ ပါဝင်ပတ်သက်လာမှုကို ဟန့်တားဖို့လုပ်ဆောင်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"မြန်မာပြည် အခြေအနေက တော်တော် စိုးရိမ်စရာကောင်းနေပြီလို့ ဝမ်ယိက အကြိမ်ကြိမ်ဖော်ပြနေတာရဲ့ အကျိုးဆက်လို့ ကျွန်တော်တို့ ယူဆပါတယ်။ မြန်မာပြည်ရဲ့ အခြေအနေဟာ စစ်ကောင်စီကျဆုံးခန်းနဲ့ နီးပြီးတော့ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အနေအထားတွေက ဒီအပေါ်မှာ အထူးသဖြင့် အမေရိကန်နဲ့ အနောက်အုပ်စုက ဘယ်လိုတုံ့ပြန်မလဲ။ ဘယ်လိုပါဝင်မလဲဆိုတာကို ကြိုပြီးတော့ ဟန့်တားထားတဲ့ စစ်ရေးပြင်ဆင်မှုလို့ ကျွန်တော် ထင်ပါတယ်"
ဆက်နွှယ်သောသတင်းများ
မြန်မာနယ်စပ်မှာ တရုတ်စစ်ရေးလေ့ကျင့်မှုစတင်
ရုရှားနဲ့ စစ်ရေးလေ့ကျင့်ပြီး တစ်လမပြည့်ခင် တရုတ်စစ်သင်္ဘောတွေ ရန်ကုန်ရောက်လာ
နယ်စပ်အနီး စစ်ရေးလေ့ကျင့်ပြီး စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေကို တရုတ် သတိပေး
ပထမ အကြိမ် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲ ပြင်းထန်လာပြီးနောက် K3C လို့အမည်ပေးထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်က မတ်လ ၂၈ ရက်နေ့မှာ တွေ့ဆုံခဲ့တာ ရှိပါတယ်။
ဒါ့အပြင် NUG အပါဝင် KNU၊ KNPP၊ CNF အဖွဲ့တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ပုဂ္ဂိုလ် မစ္စတာ တွမ်ဆူလီဗန် ဩဂုတ်လ ၁၅ ရက်နေ့က အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရုံးစိုက်တဲ့ လားရှိုးမြို့အထိ တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်မှာ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံရေးပြန်လည်သင့်မြတ်မှု၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့ကို ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်မှုနဲ့ စစ်ပွဲဖြစ်ပွားနေမှု၊ ပြည်ပစွက်ဖက်မှုတွေကို ဆန့်ကျင်ကြောင်း အဲဒီဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။