MNDAA ခေါင်းဆောင်ကို တရုတ်ကဘာကြောင့်ဖမ်းထားသလဲ
2024.11.18
ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဖမ်းဆီးထားတာလို့ RFA ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တရုတ်နိုင်ငံခြားရေး အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနဲ့ဆွေးနွေးဖို့သွားရင်း ဆွေးနွေးချက်တွေ အဆင်မပြေလို့ အကျယ်ချုပ်သဘောမျိုး အဖမ်းခံထားရတာလို့ ဆိုပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ တရုတ်အရေးလေ့လာသူတစ်ဦးကတော့ မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်က ထိန်းချုပ်မရတဲ့အဆုံး ထိပ်ပိုင်းခေါင်းဆောင်ကိုဖမ်းပြီး အကျပ်ကိုင်လာတာလို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။
"ပထမတစ်ခေါက်မှာ ဟိုင်ဂင်မှာ တရုတ်က ဆွေးနွေးပွဲတွေ ခေါ်ခဲ့ပေမဲ့ အလုပ်မဖြစ်ဘူး။ EAOs တွေဘက်ကလည်း ပြန်မပြောနားမထောင်ဘူး။ နောက်ဆုံးမှာ တရုတ်က နယ်စပ်ပိတ် ဒဏ်ခတ်တာတွေလုပ်ပေမဲ့ EAOs တွေဘက်ကလည်း သူတို့ရှိတဲ့ Resource နဲ့ လည်ပတ်အောင်လုပ်တယ်။ ဘယ်လိုမှလုပ်လို့မရတဲ့အဆုံး အခုခေါင်းဆောင်ကိုဖမ်းတယ်ဆိုတာ ရှေ့ကို တစ်ဆင့်တက်အကျပ်ကိုင်လိုက်တာပဲ။ သူတို့ခိုင်းတာမလုပ်ရင် ခေါင်းဆောင်ကို ထိန်းသိမ်းထားမယ်ဆိုတဲ့ သဘော၊ ဖိအားပေး အကျပ်ကိုင်တဲ့ သဘော"
MNDAA ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး MNDAA အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးလို ဒီကိစ္စနဲ့ ပတ်သက်ပြီး MNDAA အဖွဲ့က တရားဝင် ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက ပေါက်ကြားလာတဲ့ “ဝ” တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အထူးကိုယ်စားလှယ်တိန့်ရှီးကျွင်းတို့ရဲ့ အစည်းအဝေးမှတ်တမ်းတွေအရဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ တရုတ်ရဲ့ မဟာဗျူဟာမြောက် BRI စီမံကိန်းကို ထိခိုက်နေတယ်လို့ အမြင်ရှိပြီး၊ သူ့အကျိုးစီးပွားအကောင်အထည်ဖော်နိုင်ရေး နယ်စပ်တည်ငြိမ်အောင်လုပ်ဖို့ တရုတ်က လိုလားနေပါတယ်။
ဒေသတွင်းမှာ တိုက်ပွဲတွေအကုန်ရပ်ဖို့၊ အဲဒီတိုက်ပွဲတွေဟာ အနောက်နိုင်ငံတွေ ဝင်စွက်ဖက်ဖို့ အခွင့်အရေးရနေတယ်လို့ပြောပြီး၊ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကိုလည်း စစ်ကောင်စီကိုပြန်အပ်ဖို့ ဖိအားပေးထားပါတယ်။
ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်တွေတင်မက လက်နက်ကိုင်တော်လှန်နေကြတဲ့သူတွေကို အင်အားချည့်နဲ့အောင်လုပ်တဲ့အနေနဲ့ လက်နက်မထောက်ပံ့ဖို့လည်း တရုတ်က ဖိအားပေးနေပါတယ်။
အခု MNDAA တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်ဖမ်းခံရတဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရှိသူ ဦးကျော်ဇော်ကတော့ တရုတ်အနေနဲ့ အခုလိုလုပ်နေမဲ့အစား စစ်ကောင်စီကို ဖိအားပေးသင့်တယ်လို့ ပြောပါတယ်။
"တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို အနှောင့်အယှက်ပေးနေတာဟာ မြန်မာနိုင်ငံမှာ မတည်ငြိမ်မှု၊ လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကြောင့်ဖြစ်နေတာ၊ တော်လှန်ရေး အင်အားစုတွေဟာ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ နွေဦးတော်လှန်ရေးဆင်နွှဲနေတာ ဒါကြောင့်လည်း အောင်မြင်နေတာ၊ ပြည်သူလူထုဘက်ကရပ်တည်မယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီကို ဖိအားပေးဖို့လိုအပ်ပါတယ်"
NUG အစိုးရအနေနဲ့ တရုတ်- မြန်မာနှစ်နိုင်ငံကြား အကျိုးစီးပွားအတွက် အာမခံတယ်လို့လည်း သူကပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
MNDAA ခေါင်းဆောင်နဲ့ တရုတ်ကိုယ်စားလှယ်တို့ ယူနန်မှာ တွေ့ဆုံ
MNDAA ခေါင်းဆောင်ကို ထိန်းသိမ်းပြီး လားရှိုးကတပ်တွေ ပြန်ဆုတ်ပေးဖို့ တရုတ် ဖိအားပေး
ပြည်ပအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မလုပ်ဖို့ MNDAA ထုတ်ပြန်
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ တရုတ်လေ့လာရေးအစီအစဉ် တာဝန်ခံ မနန်းလွင်က တရုတ်လိုချင်နေတာတွေကို အခုလိုပြောပြပါတယ်။
"အခုလက်ရှိချက်ချင်း တရုတ်ဖြစ်ချင်တဲ့ ဆန္ဒက နယ်စပ်တစ်လျှောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ပြီးတော့မှ သူ့ရဲ့ မဟာဗျူဟာကျတဲ့ အကျိုးစီးပွားတွေ အကောင်အထည်ဖော်နိုင်ဖို့ လိုလားနေတယ်။ နယ်စပ်တည်ငြိမ်ရေးအတွက် လိုလားတယ်။ နှစ်ဦးနှစ်ဖက် အပေးအယူလုပ်ဖို့ စေ့စပ်ညှိနှိုင်းဖို့လိုလားနေတယ်။ တကယ့် တရုတ်ရဲ့ အန္တိမပန်းတိုင်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ပြီး၊ အစိုးရအပြောင်းအလဲလုပ်ပြီးတော့ နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ဖြစ်တယ်"
MNDAA တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်တာရှင်ကို ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေထွက်မလာခင် ဒီလအစောပိုင်းမှာပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်ညှိနှိုင်းပေးတဲ့ ဟိုက်ကင် ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို မြောက်ပိုင်းလက်နက်ကိုင်တပ်တွေဘက်က ချိုးဖောက်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။
မြောက်ပိုင်းတပ်ဖွဲ့တွေကသာ ငြိမ်းချမ်းရေးလိုလားရင် စစ်ကောင်စီဘက်က တံခါးအမြဲဖွင့်ထားတယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်းကို ပြောဆိုခဲ့တဲ့အကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။