ကိုဗစ် ဒုတိယလှိုင်း ဘင်္ဂလားဒေ့ရှ်ပြန်တွေဆီက အစပြုသလား

မိုးမြင့်
2020.10.02
coronavirus-volunteer-622.jpg ရန်ကုန်မြို့က ကိုဗစ်-၁၉ သံသယလူနာများအား စောင့်ကြည့်ရေးစခန်းများကို ပို့ဆောင်ပေးနေကြသော PPE ကာကွယ်ရေးဝတ်စုံပြည့် ဝတ်ဆင်ထားသည့် စေတနာ့ဝန်ထမ်းများ။
Photo: AFP

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်လာတဲ့ နေရပ်ပြန်လာသူတွေဆီကနေ အစပြုတာ ဖြစ်နိုင်ခြေများကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက RFA ကိုပြောပါတယ်။

ဒုတိယလှိုင်းဖြစ်ပေါ်လာခြင်းနောက်ကွယ်မှာ ထိုင်း၊ တရုတ်၊ အိန္ဒိယဘက်ကနေ ဧပြီ၊ မေလတွေတုန်းက သိန်းနဲ့ချီတဲ့ နေရပ်ပြန်လုပ်သားတွေကို စစ်ဆေးရာကနေ လွတ်သွားတာ မဖြစ်နိုင်ဘူးလားဆိုတဲ့ ဝေဖန်မှုကို ဒေါက်တာခင်ခင်ကြီး ပြန်လည်သုံးသပ်ပြခဲ့တာ ဖြစ်ပါတယ်။ 

“ထိုင်းကနေ ၀င်လာတယ်။ အောက်လမ်းကနေလည်း ၀င်လာတယ်။ ဒီလို၀င်လာတဲ့ကိစ္စတွေက မတ်၊ ဧပြီလ လောက်တုန်းကဖြစ်ပါတယ်။ သူတို့ဆီကသာ ကူးစက်မှုဖြစ်ခဲ့တယ်ဆိုရင်၊ အခုလောက်ဆို ကူးစက်မှုမရှိတော့ပါဘူး။ ပြောချင်တာက ရောဂါက အကြာကြီးပြန့်ပွားနေတာလည်း မဟုတ်ပါဘူး။ သူတို့ဆီကကူးစက်နိုင်တဲ့ (chance) အခွင့်အလမ်းက နည်းပါတယ်။ သို့သော် ဘယ်ကကူးစက်နိုင်လဲဆိုရင် ဒုတိယလှိုင်း အစဟာ ရခိုင်ဖြစ်ပါတယ်။ ရခိုင်ဖြစ်တဲ့အတွက် ဒီနေရာမှာ ဟိုဘက် ဘင်္ဂလားဒေ့်ရှ်ဘက်က တရားမဝင် ဝင်ရောက်လာသူတွေကနေပြီးတော့ ကူးစက်ဖို့ ရာခိုင်နှုန်းများပါတယ်။ အဲဒီကနေ ရခိုင်မှာ ကူးစက်မှု ဆက်ဖြစ်တယ်။ ရခိုင်ကနေပြီးတော့မှ လေယာဉ်နဲ့ မြန်မာနိုင်ငံ ရန်ကုန်၊ အနယ်နယ် အရပ်ရပ်ကို သွားတယ်။”

ဗိုင်းရပ်စ် ဒုတိယလှိုင်းမှာ လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့သလို၊ ၁၃၀၀၀ ကျော် ကူးစက်ခံထားရပါတယ်။ အာဆီယံမှာ မြန်မာ နံပါတ် ၄ နေရာရောက်သွားပါတယ်။ အာရှတိုက်မှာ မြန်မာနဲ့နယ်စပ်ချင်း ထိစပ်နေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုအများဆုံးနှစ်နိုင်ငံက အိန္ဒိယနဲ့ဘင်္ဂလားဒေ့်ရှ်နိုင်ငံ ဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်ေနေ့၊ Worldometer ကျန်းမာရေးဝက်ဘ်ဆိုက် ဖော်ပြချက်အရ ကူးစက်ခံရသူ အိန္ဒိယမှာ ၆ သန်းကျော်ရှိပြီး သေဆုံးသူကိုးသောင်းရှစ်ထောင်ကျော်ပါတယ်။  ဘင်္ဂလားဒေ့ရှ်ကတော့ ၃ သိန်းခွဲကျော်ကူးစက်ခံရပြီး၊ ငါးထောင်ကျော်သေဆုံးခဲ့ပါပြီ။  

ဒုတိယလှိုင်း အစ

ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာချိန် မောင်တော-တက်ခနက်ဖ် (Taknaf) ကုန်သွယ်ရေးနဲ့ တရားမဝင်ပြန်လာတာကို ပိတ်ပင်ပေးဖို့ဒေသခံတွေက တောင်းဆိုခဲ့ကြတာရှိပါတယ်။ စီးပွားရေးအပ်ချက်အရ ကုန်သွယ်မှုကို ဇွန်လအထိဖွင့်ဖြစ်ခဲ့တယ်လို့ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှုး ဦးစိုးအောင်က RFA ကို အောက်တိုဘာ ၁ ရက်နေ့မှာပြောပါတယ်။ ဧပြီလကနေ ဇူလိုင်လအထိ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဖက်က ကိုယ့်သဘောနဲ့ ပြန်လာကြသူ စုစုပေါင်း ၁၅၀ ခန့်ရှိတယ်လို့ သူက ပြောပါတယ်။

အဲဒီထဲက ၈ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရပါတယ်။ ဒီရှစ်ယောက်ဟာ ၂၀၁၇ တုန်းက တပ်မတော်ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ထွက်ပြေးခဲ့ကြရတဲ့ လူ ရ သိန်းကျော်ထဲက တချို့ဖြစ်ပါတယ်။ ပြန်လာသူတွေထဲမှာ ဗိုင်းရပ်စ်တွေ့သလို၊ နယ်စပ်ကုန်သွားရေးအတွက် တက်ခနက်ဖ် ခရိုင်ဖက်နဲ့ ကုန်ရောင်းကုန်ဝယ်လုပ်တဲ့ ရိုဟင်ဂျာ ၃ ဦးလည်း ပိုးတွေ့ပါတယ်။ ကျန်းမာရေး၀န်ကြီးဌာန ဝက်ဘ်ဆိုက်ရဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ် ထုတ်ပြန်ချက်တွေအရ  ဘင်္ဂလားဒေ့ရှ် ခရီးသွားရာဇဝင်ရှိသူ စုစုပေါင်း ၁၄ ဦးရှိပါတယ်။

ဘူးသီးတောင်၊ မောင်တောကနေ စစ်တွေဘက် ကွင်းဆက်ကူးစက်တဲ့အမှုတော့ မရှိပါဘူး။ ၁၄ ဦးထဲက ထူးခြားတဲ့လူနာ က အမှတ်စဉ် C-292 ဖြစ်ပါတယ်။ သူက ဘင်္ဂလားဒေ့ရှ်ကနေ စစ်တွေကို တိုက်ရိုက်ပြန်လာသူဖြစ်ပါတယ်။ အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းမရှိပါဘူး။

ရခိုင်မှာကူးစက်မှုပြန့်တဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်ကလာတယ်လို့ တရားသေယူဆဖို့ခက်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်ကပြောပါတယ်။

“မောင်တောမှာ တွေ့တဲ့လူနဲ့ ဒီမှာတွေ့တဲ့သူ ဆက်စပ်တယ်လို့တော့ တရားသေပြောလို့မရဘူး။ ဒါပေမယ့် ကြားကာလမှာ ရန်ကုန်ကလာတဲ့ လေယာဉ်တွေလည်းရှိတယ်။ အနယ်နယ်အရပ်ရပ်က ကားနဲ့လာတဲ့သူလည်းရှိတယ်။ ဘင်္ဂလားဒေ့ရှ်ကို မှောင်ခိုသင်္ဘောတွေနဲ့ ပြန်ဝင်တဲ့သူလည်းရှိတယ်။ နည်းပေါင်းစုံရှိတယ်။”

ဇူလိုင်လလယ်ပိုင်း ဘူးသီးတောင်၊ မောင်တောမှာ ဗိုင်းရပ်စ်ဖြစ်ပွားနေသလို၊ တချိန်တည်းမှာပဲ ရန်ကုန်မှာလည်းပဲ ဘင်္ဂလားဒေ့ရှ်ခရီးသွားရာဇဝင်နဲ့ ဝေဘာဂီဆေးရုံမှာ တက်ရောက်ကုသခဲ့သူတစ်ဦးလည်း ရှိပါတယ်။ လူနာအမှတ် C-334 ဖြစ်ပါတယ်။ အာရပ်နိုင်ငံတွေကိုသွားရောက်ထားတဲ့ ၄ ဦးကိုလည်း ဇူလိုင် ၁ ရက်နေ့ ရန်ကုန်မှာပဲတွေ့ရှိသလို၊ တခြားနိုင်ငံခြားပြန်တွေဆီမှာလည်း ပိုးတွေ့ပါတယ်။  

သြဂုတ်လ ဒုတိယအပတ်မှာ စစ်တွေ CB Bank ၀န်ထမ်းတစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ်အမျိုးသမီး လူနာအမှတ် C-375 စစ်တွေမှာ ကူးစက်ခံရပါတယ်။ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခြင်းမရှိဘဲ ကူးစက်ခံရသူဖြစ်ပါတယ်။ သူကနေ လူနာအမှတ် C-395 ကိုကူးစက်ပြီး ဆက်ပြန့်ပါတယ်။ သြဂုတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်ထဲက စစ်တွေလူနာအမှတ် C-428  တစ်ယောက်တည်းကနေ လူပေါင်း ၂၀ ၀န်းကျင် ကူးခဲ့တာပါ။ ထပ်ဆင့်ပြန့်ပွားတဲ့ အရေအတွက် မပါသေးပါဘူး။

C-375 ကူးစက်ခံရမှုက ရက်တာရှည်တဲ့အတွက် ကူးစက်မှုဇစ်မြစ်ရှာရခက်ကြောင်း ဒေါက်တာ စိုင်းဝင်းဇော်လှိုင်က ရှင်းပြပါတယ်။

“ဒီမှာတော့ စပြီးလက်ညှိးထိုးခံရတဲ့ (Index case) လို့ခေါ်တာပေါ့။ ဘဏ်ဝန်ထမ်းကေ့စ်ကတော့ လေယာဉ်စီးထားတဲ့ခရီးစဉ်တစ်ခုပဲရှိတယ်။ ၃၀ ရက်နေ့ ၇ လပိုင်း ကျောက်ဖြူသွားပြီးတော့ ၂ ရက်နေ့ ၈ လပိုင်းမှာ စစ်တွေကို ပြန်ရောက်တယ်။ ၁၄ ရက်နေ့မှာ ရောဂါလက္ခဏာ စပြပြီးတော့ ၁၆ ရက်နေ့မှာအတည်ပြု (confirm) တော့ ကြားမှာ ၁၂ ရက် ဟနေပြီ။ ကျောက်ဖြူက သယ်လာတာလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် လေယာဉ်ပေါ်မှာလည်း ရန်ကုန်က ပြန်လာတဲ့သူတွေဆီကနေ ကူးတာလည်းဖြစ်နိုင်တယ်။ သူက ဘဏ်ကို ၄ ရက်နေ့ (၈ လပိုင်း) မှာ အလုပ်ဆင်းတယ်ဆိုတော့ ကြားထဲမှာ ဘဏ်ကိုလာတဲ့သူဆီက ပါလာတာလည်း ဖြစ်နိုင်တယ်။”


ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာတဲ့ရိုဟင်ဂျာတွေဆီကနေ ဗိုင်းရပ်စ်ပြန့်တာမှန်ရင် ခိုင်လုံတဲ့အထောက်အထား ထုတ်ပြန်သင့်ကြောင်း လူ့အခွင့်ရေးတက်ကြွလှုပ်ရှားတဲ့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက RFA ကို ပြောပါတယ်။

“ ဘင်္ဂလားဒေ့ရှ်ကပြန်လာလို့ ပိုးပြန့်တယ်ဆိုတဲ့ အယူအဆမျိုး ပြောချင်တယ်ဆိုရင် အဓိကသက်သေအထောက်အထားပေါ့။ သေချာပြီဆို ပိုးပြန့်တဲ့ဟာကို သုတေသနလုပ်ထားတဲ့ အထောက်အထားရှိလား။ ရှိတယ်ဆိုရင် တရားဝင်ထုတ်ပြန်ပေးဖို့ လိုပါတယ်”

အစိုးရ တာဝန်လစ်ဟင်းမှုလို့ဝေဖန်

သြဂုတ်လလယ်ပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက ရခိုင်ကို လေကြောင်းလိုင်းနဲ့ ခရီးသွားထားသူ ငါးထောင်ခန့်ကို လာရောက်စစ်ဆေးခံဖို့ခေါ်ယူပေမယ့် လူနှစ်ထောင်ဝန်းကျင်က မဆက်သွယ်ခဲ့ပါဘူး။

စက်တင်ဘာလ ပထမအပတ်မှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော် စတဲ့မြို့နယ်တွေကို ရောက်ရှိနေတဲ့သူတွေဆီက ဗိုင်းရပ်စ်တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီလူနာအများစုက ရခိုင်ကို သွားရောက်ခဲ့သူတွေဖြစ်ပါတယ်။ စက်တင်ဘာလထဲမှာ တစ်နေ့ကို ၅၀၀ ကနေ ၈၀၀ အထိတွေ့ရှိလာရပါတယ်။ ရန်ကုန်ဟာ တစ်နိုင်ငံလုံးရဲ့ ကူးစက်မှု ၉၀ ရာခိုင်နှုန်းထိဖြစ်လာတာပါ။  ဗိုင်းရပ်စ် လက္ခဏာ မပြတဲ့သူက ၇၀ ရာခိုင်နှုန်းရှိပါတယ်။

စက်တင်ဘာလ RFA နဲ့ မေးမြန်းခန်းမှာ ဒေါက်တာခင်ခင်ကြီးက ဗိုင်းရပ်စ်ပြန့်ပွားမှု မြန်ဆန်တာဟာ ပြည်သူတွေပေါ့ဆတာနဲ့လည်းဆိုင်သလို၊ မပြည့်စုံတဲ့သတင်းမှားတွေကြောင့် ပြည်သူတွေ ပေါ့ဆသွားတယ်လို့ ပြောထားပါတယ်။ ပြည်သူတွေပေါ့ဆတာက ခေါင်းဆောင်တွေရဲ့ အပြုအမူနဲ့လည်းဆိုင်တယ်လို့ Fortify Rights က ကိုနစ်ကီဒိုင်းမွန်းက ဝေဖန်ပါတယ်။

“တကယ်တမ်း ကျနော်တို့ သတိထားမိတာက ပထမလှိုင်း (first wave) မှာ ကျနော်တို့နိုင်ငံက ဆိုးဆိုးရွားရွား ခံစားရတာမဟုတ်ဘူး။ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နှာခေါင်းစည်း (mask) တပ်လိုက်၊ မတပ်လိုက်၊ လူထုစုဝေးပွဲတွေ အများကြီး လုပ်ပြတယ်။ အဲလိုလုပ်ပြတော့ လူထုက အရမ်းကို ပေါ့ဆသွားတယ်။ ခေါင်းဆောင်ရဲ့ ပေါ့ဆမှုကလည်း မြင်နေရတယ်။ လူစုလူဝေးဖြစ်တဲ့ ပါတီစည်းရုံးရေးတွေဆိုလည်း ကိုဗစ် အကြိုက်ဖြစ်သွားနိုင်တယ်ဆိုတာ သိရက်နဲ့ အရေးယူဟန့်တားတာမျိုးမလုပ်ဘူး။”

ဗိုင်းရပ်စ်ပြန့်ပွားမှု မြန်နေပေမယ့် သြဂုတ်နဲ့စက်တင်ဘာလတွေမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ လူစုလူဝေးနဲ့မဲဆွယ်ပွဲတွေ ဆက်တိုက်ရှိနေခဲ့ပါတယ်။ NLD ပါတီပြောခွင့်ရ မုံရွာအောင်ရှင်ကတော့ လူထုထောက်ခံတာကို မထောက်ခံနဲ့တားဖို့ ခက်တယ်လို့ ဧရာဝတီမဂ္ဂဇင်းကို မကြာသေးခင်ကပဲ ပြောခဲ့ပါတယ်။

“ဝန်းရံတဲ့လူထုရဲ့ဆန္ဒကို တားမယ်ဆိုရင် ဆန့်ကျင်ဘက်ဖြစ်သွားမှာကိုး။ အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လောက်ပဲ ပြောနိုင်တော့တဲ့အနေအထားရှိတယ်။ Mask တွေတပ်ကြပါ။ တယောက်နဲ့တယောက် သိပ်ပြီး ပူးပူးကပ်ကပ်မနေပါနဲ့အဲဒီလောက်ပဲ ပြောနိုင်တော့တယ်။ ကိုယ့်ကို ဝန်းရံသူတွေကို ပြန်ပြီးတော့ အရေးယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”

ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူဖြစ်လို့ ပြည်မြို့မှာ စောင့်ကြည့်စခန်း နှစ်ပတ်ကျော်ဝင်ခဲ့ရသူ သတင်းစာ ဆရာ ဦးဇေယျလှိုင်ကတော့ “လက်ရှိအစိုးရရဲ့ခြေလှမ်းက ရွေးကောက်ပွဲကျင်းပရေးနဲ့ အောင်နိုင်ရေးကိုပဲ ပိုပြီးတော့ ဖိနေတာတွေ့ရတယ်” လို့ ဝေဖန်ပါတယ်။

ပြည်တွင်းကူးစက်မှု ၉၀ ရာခိုင်နှုန်းရှိနေ စက်တင်ဘာ ၂၃ ရက်နေ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ စောင့်ကြည့်လူနာ (PUI) တစ်သောင်းကျော်၊ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ ၁ သောင်းကျော်နဲ့ စောင့်ကြည့်စင်တာမှာနေထိုင်ရသူ တစ်သိန်းကျော်ထိရှိကြောင်း ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။  လက်ရှိအချိန်မှာ မြန်မာနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတ်မှတ်ချက်အရ ပြည်တွင်းကူးစက်မှုဖြစ်ပွားနေပြီးတော့ ကူးစက်မှု ၉၀ ရာခိုင်နှုန်းထိရှိတယ်လို့ ဆိုပါတယ်။

ရောဂါပြန့်ပွားတဲ့ အကြောင်းရင်းတွေထဲမှာ ပြည်သူတွေဆေးရုံဆေးခန်းမလာဘဲ ကြိတ်မှိတ်ကုနေတဲ့ ပြဿနာလည်းပါ၀င်နေပါတယ်။ နေအိမ်မှာ သေဆုံးပြီးမှ ဆေးရုံကိုရောက်လာတဲ့ လူနာ ၄၅ ဦးကိုစစ်ဆေးတဲ့အခါ ဗိုင်းရပ်စ်တွေ့ရကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ဒါဟာ သေဆုံးသူ အားလုံးရဲ့ ၁၇ ရာခိုင်နှုန်းထိ ရှိပါတယ်။

ဗိုင်းရပ်စ်ပြန့်ရာမှာ သံသယလူနာ၊ ထိတွေ့လူနာတွေကို ခြေရာခံမရတဲ့ပြသနာကလည်း အကြောင်းအရင်းတစ်ရပ်ဖြစ်နေပါတယ်။ တောင်ဥက္ကလာ ဖျားနာကုဆေးခန်းမှာ ကူညီပေးနေတဲ့ ဒေါက်တာစောနိုင်က ကွမ်းယာဆိုင်ရှင်ဗိုင်းရပ်စ် တွေ့တဲ့အခါ ဆိုင်ကိုသာ ပိတ်လိုက်ရတယ်လို့ ပြောပါတယ်။

“ကွမ်းယာရောင်းတဲ့သူမှာ ဗိုင်းရပ်စ်တွေ့တယ်။ ကွမ်းယာဆိုင်မှာလာစားသူတွေက ဘယ်လောက်ရှိမလဲ ကျနော်တို့လည်း မသိနိုင်ပါဘူး။ အဲဒါကျတော့ ဘယ်လိုမှ ခြေရာခံလို့မရတာမျိုးပါ။ ဘာမှလုပ်မရတော့ ကွမ်းယာဆိုင်ကိုပိတ်ချလိုက်တာမျိုးပဲလုပ်လို့ရတယ်။”


ဗိုင်းရပ်စ်တွေ့တဲ့ ကွမ်းယာဆိုင်သည်နဲ့ ထိတွေ့ခဲ့သူ ဘယ်နှစ်ဦးက ကူးစက်ခံရ၊ မခံရဆိုတာ စုံစမ်းဖို့ခက်ခဲသွားတဲ့အခြေအနေဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဗဟိုချက်မဖြစ်လာတဲ့ ရန်ကုန်ကို အိမ်မှာနေအမိန့် စက်တင်ဘာ ၂၀ မှာထုတ်ပြန်ခဲ့ပေမယ့် တစ်ပတ်ကျော်တဲ့အထိ ပိုးတွေ့ရှိမှုနှုန်းက ကျဆင်းမလာသေးပါဘူး။ ဒါကြောင့်အစိုးရက အောက်တိုဘာလကုန်အထိ သက်တမ်းထပ်တိုးလိုက်ပါတယ်။ ဆရာဝန်တချို့ကတော့ ပြည်သူတွေအိမ်မှာနေရင် အောက်တိုဘာလအကုန်မှာ ကူးစက်မှုလျော့ကျသွားမယ်လို့ ယူဆကြပါတယ်။

ဒေါက်တာခင်ခင်ကြီးကတော့ ....

“ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုနဲ့ ရောဂါဖြစ်ပွားမှုဟာ ပြောင်းပြန်အချိုးကျပါတယ်။ စည်းကမ်းလိုက်နာရင် ရောဂါဖြစ်ပွားမှုကျဆင်းလာမှာဖြစ်ပြီး၊ မလိုက်နာရင်တော့ လက်ရှိအရှိန်ဟာ ဆက်ရှိနေဦးမှာပဲ”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ရောဂါတိုက်ဖျက်ဖို့ အနည်းဆုံး ၂ နှစ်ကြာနိုင်တယ်လို့ တွက်ဆထားပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေနဲ့ပတ်သတ်ပြီး(WHO) ရဲ့ သုံးသပ်ချက်နဲ့ တွက်ချက်လေ့လာမှုတွေကို သိနိုင်ဖို့ မြန်မာနိုင်ငံ WHO ဌာနေကိုယ်စားလှယ် Stephan Pual ကို RFA က စာနဲ့တဆင့် အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

ကာကွယ်ဆေးတွေ ၂၀၂၁ နှစ်ဆန်းပိုင်းရလာခဲ့မယ်ဆိုရင်တောင် ဖွံ့ဖြိုးဆဲနိုင်ငံတွေ မြန်မြန်ဆန်ဆန်ရဖို့ မလွယ်ကူနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကာကွယ်ဆေးထွက်လို့ရှိရင် မြန်မာပြည်သူတွေ အမြန်ဆုံးရရှိဖို့ နိုင်ငံတကာကို အကူညီတောင်းထားကြောင်း ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။