ဆိုက်ဘာလုံခြုံရေးဥပဒေဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့သာဖြစ်

RFA Burmese
2025.01.02
ဆိုက်ဘာလုံခြုံရေးဥပဒေဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့သာဖြစ် လူမှုကွန်ရက် အသုံးပြုရာတွင် ချိတ်ဆက်အသုံးပြုကြသည့် VPN ဆော့ဝဲလ်များအား တွေ့ရစဉ်။
Photo: RFA

အီလက်ထရွန်နစ်နည်းပညာအသုံးပြုပြီး အလွဲသုံးစားလုပ်တာ၊ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက် တာနဲ့ Virtual Private Network (VPN) ဝန်ဆောင်မှုပေးတာတွေအတွက် ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်နိုင်မဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ စစ်ကောင်စီက အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် နိုင်ငံ့အချုပ်အခြာအာဏာနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်မှုကနေ ကာကွယ်ဖို့နဲ့ ဆိုက်ဘာမှုခင်းတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် ပြဋ္ဌာန်းတာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီဥပဒေဟာ နည်းပညာအသုံးပြုကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့ထက် နိုင်ငံသားတွေရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့သာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီဆိုက်ဘာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ထိန်းချုပ်ကြတယ်ဆိုတဲ့အခါမှာ အကန့်အသတ်တစ်ခုတော့ ရှိရမှာပေါ့နော်။ ဒီနည်းပညာတွေကို အသုံးပြုပြီးတော့ လောင်းကစားနဲ့ ပတ်သက်ပြီးတော့ သို့မဟုတ် ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ အသုံးချတာမျိုးဆိုရင် ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ပြဋ္ဌာန်းချက်တွေ ပါဖို့လိုတယ်။ သို့ပေမဲ့ ခက်တာကလေ ဒီဥပဒေရဲ့ ရည်ရွယ်ချက်က အခုပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေ သွားနေတဲ့ သူ့ရဲ့ လားရာကို ကြည့်လိုက်တဲ့အခါမှာ ကောင်းတာနဲ့ ဆိုးတာ နှစ်ခု ဘယ်ဘက်မှာရောက်မလဲဟေ့ဆိုရင် ပြည်သူလူထုရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့ လုံခြုံမှုတွေကို ထိပါးနိုင်တဲ့ အနေအထားမျိုး ကျွန်တော်တို့ တွေ့ရပါတယ်"

ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ (၇၂) မှာ မည်သူမဆို အများပြည်သူကြည့်ရှုဖို့မသင့်တဲ့ သတင်းအချက်လက်တွေ ကို ဖက်စ်၊ အီးမေးလ်အပြင် နည်းပညာနဲ့ ဖန်တီးထားတဲ့ လူမှုကွန်ရက်တွေ အသုံးပြုပြီး ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူခြင်း၊ ရောင်းချခြင်းတွေအတွက် ထောင်ဒဏ်အနည်းဆုံး တစ်လကနေ ခြောက်လ၊ ဒဏ်ငွေအနည်းဆုံး ကျပ် ဆယ်သိန်းကနေ သိန်းတစ်ရာအထိ ချမှတ်မဲ့အပြင် ဒဏ်နှစ်ရပ်စလုံးကိုလည်း ချမှတ်မယ်လို့ ဖော်ပြထားပါတယ်။

"ကောင်းတာနဲ့ ဆိုးတာ နှစ်ခု ဘယ်ဘက်မှာရောက်မလဲဟေ့ဆိုရင် ပြည်သူလူထုရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့ လုံခြုံမှုတွေကို ထိပါးနိုင်တဲ့ အနေအထားမျိုး ကျွန်တော်တို့ တွေ့ရပါတယ်"

ဥပေဒပညာရှင်တွေကတော့ ဒီပြဋ္ဌာန်းချက်ကို လိုသလိုအသုံးပြုပြီး ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့ အင်တာနက် လွတ်လပ်ခွင့်တွေကိုပါ ထိပါးလာနိုင်တယ်လို့ ထောက်ပြကြပါတယ်။

ရန်ကုန်မြို့ခံတစ်ဦးကလည်း ဒီဥပဒေကြောင့် ပြည်သူတွေအတွက် သတင်းလွတ်လပ်ခွင့်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“ပြည်သူကတော့ အတော်နစ်နာတယ်။ အစစအရာရာ နစ်နာတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ တချို့နေရာတွေမှာ ဘဏ်ကြေးဆိုင်ရာ ဆောင်ရွက်တဲ့နေရာမှာ VPN သုံးမှရတယ်။ တချို့ကလည်း ဝင်ငွေလမ်းကြောင်းတွေ ရဖို့အတွက် VPN ခံသုံးမဲ့အရာမျိုးတွေ ရှိတယ်။ သတင်းအမှောင်ချချင်လို့ ဒီနည်းလမ်းတွေ သုံးနေတာ။ သူ ဘယ်လိုပဲ အမှောင်ချချ ပြည်သူက ပြည်သူမှ ပြည်သူသို့ သူ့ဟာသူ နည်းလမ်းလေးတွေ တွေးကြတာပဲ။ ဘယ်လိုသုံးရမယ် ဘယ်လိုသွားရမယ်ဆိုတာ အားလုံးပြန်မျှဝေပေးနေတဲ့အခါကျတော့ ဒီကောင်တွေ လိုက်လို့ မမီဘူး ဖြစ်နေတာ။ အဲဒီတော့ ဥပဒေနဲ့ ထိန်းချုပ်တယ်”

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဖေ့စ်ဘွတ်ခ် (Facebook) လူမှုကွန်ရက်ကို VPN ခံပြီးမှ အသုံးပြုလို့ရသလို စစ်ကောင်စီကလည်း VPN တွေကို ပိတ်ပင်တာနဲ့ အသုံးပြုတွေကို စစ်ဆေးရေးယူတာတွေ လုပ်နေတာပါ။


ဆက်နွှယ်သောသတင်းများ

ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်မဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း

မြန်မာပြည်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဖိနှိပ်ခံနေရဆဲ

အင်တာနက် လူမှုဆက်သွယ်ရေးကွန်ရက်အချို့ အသုံးပြုခွင့် ထပ်တိုးကန့်သတ်ခံလာရ


လက်ရှိပြဋ္ဌာန်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ (၇၀) မှာ တရားမဝင် VPN ဝန်ဆောင်မှုအတွက် ထောင်ဒဏ်အများဆုံး ခြောက်လအထိ၊ ဒဏ်ငွေအနည်းဆုံး ကျပ်ဆယ်သိန်းကနေ သိန်းတစ်ရာအထိ ချမှတ်ခံရမှာဖြစ်သလို ဒဏ်နှစ်ရပ်စလုံးလည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် VPN ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတွေပါ ထိခိုက်လာနိုင်လို့ လတ်တလော ဝန်ဆောင်မှုပေးတာကို ရပ်နားထားရတယ်လို့ Virtual Private Network (VPN) ဝန်ဆောင်မှုပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"တော်တော်တော့ ထိခိုက်မှာ ကျွန်တာ်တို့ဆီမှာကလေ။ ကျွန်တော်တို့ဘက်က ဝန်ဆောင်မှု (service) ပေးတဲ့ လူတွေဆိုတော့ ဝယ်လိုအားကရှိပြီးတော့ ရောင်းပေးဖို့က မရောင်းရဲဖြစ်နေတာ။ ကျွန်တော့်အသိ page တော်တော်များများလည်း အခြေအနေကို စောင့်ကြည့်ပြီးတော့ ဆက်ရောင်း မရောင်းကို စဉ်းစားဦးမယ် ပြောတယ်။ တကယ် လုပ်လား မလုပ်လားအပေါ်မှာ ကျွန်တော်တို့က စောင့်ကြည့်ဦးမှာ။ သူတို့က တကယ်လုပ်လာပြီ အကုန်လုံးကို တကယ်လိုက်ရှာပြီး လိုက်ဖမ်းပြီးတော့ တရားဝင် တရားရင်ဆိုင်ခိုင်းတာ အလိုမျိုးလုပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်ကနေပြီးတော့ တရားဝင်မှတ်ပုံတင်ရမှာပေါ့။ တကယ်လို့ အဲဒီလို မရှိဘူးဆိုရင် မှတ်ပုံတင်ဖို့ အစီအစဉ်တော့ မရှိဘူး"

VPN ဆော့ဝဲလ် အသုံးပြုနေသူတစ်ဦးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
VPN ဆော့ဝဲလ် အသုံးပြုနေသူတစ်ဦးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီဥပဒေကြောင့် VPN အသုံးပြုပြီး လူမှုကွန်ရက်ကနေ စီးပွားရေးလုပ်နေသူတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်း အဖြစ်များလာတဲ့ နည်းပညာအသုံးပြုပြီး အွန်လိုင်းငွေကြေးကိုခိုးယူတာ၊ အကျိုးဖျက်ဆီး တာတွေ လုပ်ရင် ထောင်ဒဏ် နှစ်နှစ်ကနေ ခုနစ်နှစ်အထိ ချမှတ်မဲ့အပြင် ငွေဒဏ်ပါ ချမှတ်မယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစား လုပ်ဆောင်သူတွေအတွက် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး ခြောက်လကနေတစ်နှစ်ချမှတ်မဲ့အပြင် ငွေဒဏ်ကိုပါချမှတ်မယ်လို့လည်း ပါရှိပါတယ်။

မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ ဆိုက်ဘာလုံခြုံရေးဥပဒေဟာ စစ်ကောင်စီတပ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ဖြစ်တယ်လို့ ထောက်ပြပါတယ်။

“လွတ်လပ်စွာဆက်သွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒါတွေက လူအခွင့်အရေးမှာ အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်တယ်ပေါ့နော်။ မြန်မာပြည်မှာ အုပ်ချုပ်နေတဲ့ လူတန်းစားတွေက သူတို့လုပ်ရပ်တွေ စစ်ရာဇဝတ်မှုတွေ။ သူတို့ရဲ့ ပြည်သူတွေအပေါ်မှာ ကျူးလွန်မှုတွေကို ဖုံးကွယ်ချင်တယ်ဆိုရင် သတင်းမီဒီယာတွေကို အဓိက သူတို့တိုက်ခိုက်တယ်။ အခုခေတ်မှာက ဆိုရှယ်မီဒီယာကို ပိတ်ပင်တယ်။ ဒါပေမဲ့ နည်းပညာမြင့်လာတဲ့ ဒီခေတ်မှာ ဘာမှပိတ်လို့မရတော့ပါဘူး။ ဒီဥပဒေတွေကလည်း သူတို့အမြင်ကတ်လို့ အရေးယူချင်ရင် အသုံးပြုပြီး အရေးယူမဲ့ ဥပဒေတွေပဲ ဖြစ်လိမ့်မယ်"

ဆိုက်ဘာလုံခြုံရေးဥပဒေပါ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေဟာ ပြည်တွင်းသာမက ပြည်ပရောက်နိုင်ငံသားတွေကိုပါ သက်ရောက်မှုရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီဥပဒေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံပေါင်း ၇၂ နိုင်ငံကို စစ်တမ်းကောက်ယူထားတဲ့ အမေရိကန်နိုင်အခြေစိုက် သတင်းလွတ်လပ်ခွင့်အဖွဲ့ (Freedom House) ရဲ့ အောက်တိုဘာလ ၁၆ ရက်နေ့အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဆုံးရှုံးမှု အဆိုးရွားနိုင်ငံထဲ ပါဝင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။