တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာ ဗိုလ်သင်တန်းရှိနေ


2020.09.18

လွတ်လပ်ရေးရပြီးခဲ့ကတည်းက မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးမညီမျှမှုတွေကြောင့် ပြည်တွင်းစစ်နဲ့ အတူ လက်နက်ကိုင် ပဋိပက္ခတွေရှိနေတာ ယနေ့ချိန်အထိပဲဖြစ်ပါတယ်။ တချိန်တည်းမှာလည်း လက်နက်ကိုင်ဖွဲ့အသီးသီးမှာ စစ်သင်တန်းတွေလည်း ရှိလာကြပါတယ်။ မကြာသေးခင်က UWSA က ဖွင့်လှစ်လိုက်တဲ့ ဗိုလ်လောင်းသင်တန်းကျောင်းနည်းတူ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများအပြားမှာလည်း စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းတွေ ရှိနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စစ်ဘက်ဆိုင်ရာသင်တန်းတွေထဲမှာ ဗိုလ်လောင်း သင်တန်းကျောင်းလည်း ပါဝင်လာပါတယ်။

ရှမ်းပြည်နယ်က တအာင်း ခေါ် ပလောင်တိုင်းရင်းသားဒေသတွေမှာ အခြေစိုက်လှုပ်ရှားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၂၃ ရက်နေ့မှာပဲ အပတ်စဉ် ၁ ဗိုလ်လောင်းသင်တန်းဆင်းပွဲ အခမ်းအနားကို သူတို့ရဲ့ ဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

တစ်နှစ်ခွဲကြာတဲ့ ဗိုလ်လောင်းသင်တန်းမှာ လိုအပ်တဲ့ သင်ရိုးညွှန်းတမ်း၊ နည်းပြဆရာအတွက် မဟာမိတ်အဖွဲ့အစည်းတွေက ကူညီကြတယ်လို့ TNLA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြော ပါတယ်။

"နိုင်ငံခြားတော့ မရှိပါဘူး။ ကိုယ့်ဟာနဲ့ကိုယ်ရှိတယ်၊ မိတ်ဖွဲ့ မဟာမိတ် စစ်ရေးဘက် နိုင်ငံရေးဘက် ဥပဒေရေးရာ အမျိုးမျိုးအကူအညီတောင်းပြီး ပို့ချခိုင်းတာတော့ ရှိပါတယ်။ ကျနော်တို့ဘက်မှာ သင်ရိုးညွှန်းတမ်းလည်း ရှိတယ်။ ကျန်တဲ့ ပြင်ပ လက်ချာတွေလည်း ရှိပါတယ်။ ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းမှာ ကျနော်တို့က တက်ရောက်ပညာသင်ယူတယ်။ သူတို့ဆီမှာတော့ ၂ကြိမ်ပေါ့"


တက္ကသိုလ်ဝင်တန်း အောင်မြင်မှု၊ ကျန်းမာရေး ကောင်းမွန်မှု စတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူ အယောက် ၇၀ ကျော် ပါဝင်တဲ့ အပတ်စဉ်-၁ မှာ သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်ခဲ့တာ ၅၂ ဦး ရှိတယ်လို့ TNLA ပြောခွင့်ရသူ ဗိုလ်မှုး မိုင်းအိုက်ကျော်က ပြောပါတယ်။

သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို တပ်မဟာ (၇) ခုအတွင်း၊  တပ်ရင်းတွေမှာ တာဝန်ချထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။  

"မြောက်ပိုင်းမဟာမိတ်အဖွဲ့လည်းဖြစ်၊ တပ်မတော်နဲ့လည်း တိုက်ပွဲဖြစ်နေပြီး မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ ရက္ခိုင့်တပ်တော် AA ဟာ ၂၀၀၉ ခုနှစ်က အဖွဲ့ဝင် ၂၆ ယောက်နဲ့ စတင်ခဲ့ရာကနေ ၁၀ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာ အင်အား ခုနှစ်ထောင်ကျော် ရှိနေပါပြီ။ ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမှာ အခြေချခဲ့စဉ်က AA အဖွဲ့ဟာ ကေအိုင်အေ က ပေးတဲ့ စစ်သင်တန်းတွေ၊ ဗိုလ်သင်တန်းတွေ တက်ရောက်ခဲ့ပေမယ့် ၂၀၁၀ နောက်ပိုင်းမှာတော့ သူ့အစီအစဉ်နဲ့သူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း ၁နှစ်ကို အပတ်စဉ် ၃ကြိမ်ပေးခဲ့ပြီး အပတ်စဉ်တစ်ခုကို သင်တန်းသား ၅၀၀ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ AA ဟာ ပြီးခဲ့တဲ့နှစ်အထိ စစ်သင်တန်း အပတ်စဉ် ၅၀ ကျော်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ လိုင်ဇာက AA ရဲ့စစ်သင်တန်းကျောင်းမှာ ရခိုင်အမျိုးသားတွေအပြင် ရခိုင်အမျိုးသမီးငယ်တွေပါ တက်ရောက်နေကြတာပါ။ )(အင်အားကြီးထွားလာနေတဲ့ ရက္ခိုင့်တပ်မတော် ရီပို့ထဲကနေ အချက်အလက်တွေ ပြန်ယူထားတာပါ"

လက်ရှိ AA ရဲ့ စစ်သင်တန်းတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ RFA က မေးမြန်းရာမှာတော့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခက -

“ဒါကတော့ စစ်ဘက်နဲ့ဆိုင်တဲ့ လျှို့ဝှက်ကိစ္စတွေဖြစ်လို့ ဖြေပေးလို့ မရဘူးဗျ။”

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှာတော့ ဗိုလ်လောင်းသင်တန်း ဖွင့်ထားတာ မရှိပေမယ့် အခြေခံစစ်ပညာသင်တန်းတွေကိုတော့ ဖွင့်လှစ်ပေးတာ ရှိတယ်လို့ RCSS/ SSA ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။

"ဗိုလ်လောင်းသင်တန်းတော့ မရှိသေးဘူး မဖွင့်ရသေးဘူးနော် အခြေခံစစ်ပညာသင်တန်း အဲလိုမျိုးပဲရှိတယ် အရည်အချင်းတွေ ဘယ်လိုသတ်မှတ်တယ်ဆိုတာမျိုးတော့ မရှိဘူးပေါ့လေ အခြေခံစစ်ပညာသင်တန်း မတက်ဖူးသေးတဲ့ တစ်ခါမှ မတက်ရသေးတဲ့ ရဲဘော်တွေ အဲလိုမျိုးပဲ တခါတလေ သင်တန်းပို့ချပေးတာပေါ့နော်"

တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအတောင့်အတင်းဆုံး "ဝ" ပြည်သွေးစည်း ညီညွတ် ရေး တပ်မတော် UWSA ကတော့ သူ့ရဲ့ကိုယ်ပိုင် ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်ပွဲကို ပြီးခဲ့တဲ့ စက်တင် ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

သင်တန်းကျောင်းမှာ ပို့ချတဲ့ ဘာသာရပ်၊ နည်းပြတို့နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက စစ်ရေးနဲ့ ပတ်သက်တာတွေကို မဖြေကြားနိုင်သလို အသေးစိတ်လည်း မသိရသေးဘူးလို့ RFA ကို ဒီကနေ့အကြောင်း ပြန်ထားပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကလည်း ၁၉၆၁ ခုနှစ်မှာ စတင် ဖွဲ့စည်းထူထောင် ခဲ့ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်း KIA ဌာနချုပ်မှာ ဗိုလ်သင်တန်း ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတချို့က အရာရှိလောင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်းမှာ KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတဲ့အတွက် လက် နက်ကိုင်အဖွဲ့ အသီးသီးက သင်တန်းသား ၂၃ ဦး သေဆုံးခဲ့ပါတယ်။

KIA ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်လှစ်ထားတဲ့အခြေအနေကို KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက  ရှင်းပြပါတယ်။

"ကျနော်တို့ သင်တန်းရွေးချယ်တဲ့နေရာမှာကတော့ အခြေခံ ၁၀ တန်းအောင်တဲ့ အထက်ကို ဘွဲ့ရသမားတွေကို အခြေခံပြီးတော့ ကျနော်တို့ ရွေးတယ် ပြည့်စုံတဲ့လူတွေကို ရွေးတာ မူးယစ်ဆေးဝါး ကင်းစင်တဲ့သူတွေကိုပေါ့ နော် မိန်းခလေးကိုလည်း လက်ခံတယ် ယောကျ်ားလည်း လက်ခံတယ် တော်လှန်ရေးစိတ်ဓာတ် ရှိတဲ့သူတွေကို အခြေခံပြီးတော့ ရွေးတာပေါ့"

KIA အနေနဲ့ ဗိုလ်သင်တန်းကာလကို ၃ နှစ်လောက်အထိ သတ်မှတ်ထားပြီး သင်တန်းသားဦးရေ ၅၀ နဲ့ ၆၀ ကြားရှိတယ်လို့ပြောပါတယ်။

KIA အနေနဲ့ အရင်တုန်းက အခြားမဟာမိတ်အဖွဲ့တွေကို သင်တန်းတွေလက်ခံ သင်ကြားပေးပေမယ့် နောက်ပိုင်းမှာတော့ အဖွဲ့အစည်းအသီးသီးက သင်တန်းတွေ ဖွင့်လှစ်နိုင်နေပြီ ဖြစ်တယ်လို့ ပြောပါတယ်။

"အဖွဲ့အစည်းတိုင်းကလည်း သူတို့ဟာသူတို့ သင်တန်းရှိနေပြီတော့ ကျနော်တို့ဆီမှာတော့ သင်တန်းလာယူ တာတော့ မရှိသလောက်ရှိနေပြီ အသေးစိတ်ကတော့ ကျနော်တို့ အဲလောက်အထိကတော့ ပြောလို့တော့ မရဘူးပေါ့။ ဒါမယ့် ကျနော်တို့ရဲ့ အခြေခံစစ်သင်တန်းမှာကတော့ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ ပတ်သက်တာတွေပေါ့နော် စစ်တပ်လုပ်ထုံးလုပ်နည်းတွေပေါ့နော်။ လက်နက်ငယ်သင်တန်းတွေလည်း ကျနော်တို့ ပေးပါတယ်။ လက်တွေ့သင်တန်းဆင်းတဲ့ အပိုင်းတွေလည်း ကျနော်တို့ လုပ်ထားပါတယ်"

၁၉၈၈ ခုနှစ်မှာ ကျောင်းသားတွေနဲ့ စတင်တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဟာလည်း ၁၉၉၀ လောက်တည်းက ဗိုလ်လောင်းသင်တန်းကျောင်း တွေနဲ့ အခြားမွမ်းမံသင်တန်းတွေ ရှိခဲ့ပါတယ်။ လတ်တလောမှာတော့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သင်တန်းကျောင်းတွေကို တက်ရောက်နေတယ်လို့ ABSDF ပြောရေးဆိုခွင့် ရှိသူ ရဲဘော်မျိုးဝင်းက ပြောပါ တယ်။

"ဗိုလ်လောင်းသင်တန်းကတော့ မဟာမိတ်တွေနဲ့တွဲပြီး လုပ်တာလည်း ရှိတယ်။ ကိုယ့်ဘာသာကိုယ် သီးခြားလုပ်တာလည်း ရှိတယ်။ အဖွဲ့အစည်းဆိုတာကတော့ လိုအပ်ရင် လိုအပ်သလို မွမ်းမံလေ့ကျင့်မှုတွေ လိုတာပေါ့။ သူ့သတ်မှတ်ချက်တွေတော့ ရှိတာပေါ့။ သတ်မှတ်ချက်ကတော့ တော်လှန်ရေးကာလဆိုတော့ အတွေ့အကြုံအပေါ်မှာ အခြေခံတာ ရှိသလို ပညာပေါ်မှာ အခြေခံတာလည်း ရှိတယ်။ ဒါကတော့ လိုအပ်ချက်ပေါ်မူတည်ပြီး သွားရတာပေါ့။ criteria တွေထားပြီး သတ်မှတ်လို့တော့ လက်တွေ့အခြေအနေအရ ကိုက်ချင်မှ ကိုက်မယ်လေ။ ကိုယ့်ဆီမှာဆို ကိုယ့်အခြေအနေနဲ့ သတ်မှတ်ချက်နဲ့ကိုယ်ပေါ့၊ မဟာမိတ်နဲ့ဆိုတော့လည်း မဟာမိတ်သတ်မှတ်ချက်နဲ့အညီပဲ ပါနိုင်အောင် ကြိုးစားရတာပေါ့"


သင်တန်းတွေမှာ တပ်မှူးတွေကိုယ်တိုင်ဦးဆောင်  ပို့ချတယ်။ တပ်ဖွဲ့အတွင်းက ရေးဆွဲ ပြုစုထားတဲ့ သင်ရိုးညွှန်တမ်းအတိုင်း ပို့ချလေ့ကျင့်ပေးတယ်လို့ ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးပေါင်းရဲ့ တပ်ဖွဲ့ဝင်အင်အားဟာ တပ်မတော် အင်အားရဲ့ ၅ ပုံ တစ်ပုံကျော်လောက် ရှိနေပါတယ်။ တပ်မတော်ရဲ့ အင်အားက လက်ရှိအချိန်မှာ ၄ သိန်းကျော်လောက် ရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အကြိမ်ကြိမ်ရှိနေပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှာ တပ်သားသစ် စုဆောင်းမှုတွေ၊ စွမ်းရည်မြှင့် သင်တန်းတွေ၊ အခုလို ဗိုလ်လောင်း သင်တန်းတွေက  အဖွဲ့အစည်း အတော်များများမှာ ရှိနေပါတယ်။ သင်တန်းတွေ ဆက်လုပ်နိုင်အောင်လည်း လက်နက်ကိုင်အဖွဲ့အစည်းတိုင်း ကြိုးစားနေကြတယ်လို့ သိရပါတယ်။

စစ်ရေးပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေရော အပစ်ရပ်ထားတဲ့ အဖွဲ့တွေပါ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အသီးသီးက ကိုယ်ပိုင်စစ်တက္ကသိုလ်နဲ့ စစ်သင်တန်းကျောင်းတွေ ဖွင့်လှစ်ပို့ချနေတာနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားနဲ့ တုံ့ပြန်ချက်ရဖို့ RFA က ဒီနေ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့ရာမှာ ဒီသတင်း နောက်ဆုံးရေးသားချိန်အထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

UWSA ရဲ့ စစ်တက္ကသိုလ်ဖွင့်လှစ်မှုနဲ့ပတ်သက်လို့ မနေ့က တပ်မတော်ရဲ့ သဘောထားကို မေးမြန်းရာမှာတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက UWSA စစ်တက္ကသိုလ်နဲ့ ပတ်သက်လို့ တိုက်ရိုက် မဖြေကြားဘဲ အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းမှာ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ဖွဲ့စည်းထားတဲ့ တပ်မတော်တစ်ခုပဲ ရှိတယ်လို့ တပ်မတော်အနေနဲ့ ခံယူထားကြောင်း ပြောကြားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆောင်ရွက်သင့်ကြောင်း၊ NCA လမ်းကြောင်းအတိုင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ပိုပြီးဆောင်ရွက်သင့်ကြောင်း၊ ဒါမှသာ တနိုင်ငံလုံးမှာ အားလုံးလိုချင်တဲ့ ထာဝရငြိမ်းချမ်းရေးရမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။