စစ်ကောင်စီနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တွေ့ဆုံမှု စောင့်ကြည့်ရဦးမယ်လို့ လေ့လာသူတွေပြော

၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ် အာလွန်ကယ် ကစ်တစ်ခွန် (Alounkeo Kittikhoun) ဟာ ဇန်နဝါရီ ၁၀ ရက်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာတွေမှာတော့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်မယ့်အခြေအနေနဲ့ တခြားသော ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြ တယ်လို့ ဒီနေ့ ဖော်ပြထားပါတယ်။

"လာအိုနိုင်ငံက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို စိတ်ပါဝင်စားမှုမရှိတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။ တရားမဝင် စစ်အစိုးရဘက်ကို ပိုယိမ်းဖို့ရှိပါတယ်"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အာဆီယံအရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ လာအိုနိုင်ငံဟာ မြန်မာ့အရေးအတွက် စစ်ကောင်စီရဲ့သဘောထားကိုသိဖို့ အရင်ဆုံး ဆက်ဆံကြည့်ရုံသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“လာအိုကတော့ ဒါ စစ်ကောင်စီနဲ့ အရင်ဆုံးထိတွေ့ ဆက်ဆံမယ်လို့တော့ ယူဆရ တယ်ပေါ့။ တခြားအာဆီယံ ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ အင်ဒိုနီးရှားတို့၊ ဘရူနိုင်းတို့ကနေ ပြီးတော့ အားပေးတာ၊ ကူညီတာ ကမ္ဘောဒီးယား နိုင်ငံတွေ ဘာတွေက ထောက်ခံတာကို အခြေခံပြီးတော့ ဒီမိုကရေအင်အားစုတွေနဲ့ စကားပြောတာတွေတော့ ရှိကောင်းရှိလာ နိုင်တယ်ပေါ့။ လောလောဆယ်တော့ ကျွန်တော်ထင်တာတော့ စစ်ကောင်စီနဲ့ အရင်ဆုံး စကြလိမ့်ဦးမယ်လို့ ထင်တယ်ဗျ”

အာဆီယံ အထွေထွေအတွင်းရေးမှူး ကအိုကင်မ်ဟောင် (Kao Kim Hourn) က မြန်မာ့ပြဿနာအပေါ် လာအိုရဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို လျှော့မတွက်ဖို့ ၂၀၂၃ ခုနှစ် အောက်တိုဘာလက Nikkei Asia သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌ၊ အရင်ဥက္ကဋ္ဌနဲ့ နောက် ဥက္ကဋ္ဌတာဝန်ယူမယ့် သုံးနိုင်ငံ ပူးပေါင်းပြီး ဆောင်ရွက်မယ့်ပုံစံအသစ်ကို ကျင့်သုံးခဲ့ ကြောင်းလည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလက ဂျကာတာမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ထည့်သွင်းပြောထားတာပါ။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) ရဲ့ အတွင်းရေးမှူးချုပ် Debbie Stothard ကတော့ စစ်ကောင်စီကို ထောက်ခံလိုလားတဲ့ လာအိုနိုင်ငံရဲ့ ချဉ်းကပ်မှု နောက်ဆက်တွဲရလဒ်ကို ကျန်တဲ့ အာဆီယံ နိုင်ငံတွေ ထိန်းညှိနိုင်မလားဆိုတာ စိုးရိမ်စရာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“လာအိုနိုင်ငံက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို စိတ်ပါဝင်စားမှုမရှိတာကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။ သူတို့ဟာ တရားမဝင် စစ်အစိုးရ ဘက်ကို ပိုယိမ်းဖို့ရှိပါတယ်။ ဒါ့အပြင် တရားမဝင် စစ်အစိုးရ လိုလားတဲ့၊ တရားမဝင် စစ်အစိုးရအတွက်သာ ထောက်ပံ့မှုပေးဖို့ ကြိုးစားပါလိမ့်မယ်။ ကျန်တဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ လာအိုနိုင်ငံရဲ့ စစ်အစိုးရကို လိုလားတဲ့ ချဉ်းကပ်မှုတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်မှုတွေကို ဟန့်တားဖို့ ခိုင်မာတဲ့ သတင်းစကား ပါးနိုင်ပါ့မလား ဆိုတဲ့အချက်ကိုပဲ ကျွန်မတို့ စိုးရိမ်မိပါတယ်”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလကတည်းက မြန်မာ့အရေးကိုဖြေရှင်း ဖို့ အာဆီယံက ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့ပါတယ်။

ဒါကို အကောင်အထည်ဖော်ဖို့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ သုံးနှစ်နီးပါး ဦးဆောင်ကြိုးပမ်းခဲ့ပေမယ့် ဘယ်နိုင်ငံကမှ မြန်မာ့အရေးကို ထိရောက်စွာ မဖြေရှင်းနိုင်ခဲ့သလို ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ခွင့်မရခဲ့ပါဘူး။

ဒါကြောင့် အခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံဟာလည်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ နိုင်ငံဖြစ်ပြီး တရုတ်နဲ့ သဘောထားတူညီတာကြောင့် ပျော့ပျောင်းတဲ့နည်းလမ်းနဲ့ သာ စစ်ကောင်စီကိုချဉ်းကပ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ လာအိုနိုင်ငံအနေနဲ့ တရုတ်နဲ့ချိတ်ဆက်ပြီး မြန်မာ့အရေးမှာ စေ့စပ်ညှိနှိုင်းမှုတွေ အကောင်အထည်ပေါ်အောင် လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အခုချိန်မှာကျတော့ လာအိုအနေနဲ့က တရုတ်ရဲ့ ဒီဘက်မြောက်ပိုင်းညီနောင်ကိစ္စ၊ ကျားဖျန့်ကိစ္စနဲ့ တခြားရေးရာကိစ္စတွေမှာ ညှိနှိုင်းပေးနေတဲ့ကိစ္စတွေမှာ သူတို့ အချင်းချင်းကြား ချိတ်ဆက်မှုဘယ်လိုလုပ်မလဲ၊ အဲဒီချိတ်ဆက်မှုတွေနဲ့ ပြည်တွင်းမှာ ညှိနှိုင်းစေ့စပ်မှုတွေ အကောင်အထည်ပေါ်သွားအောင် လုပ်နိုင်မလားဆိုတဲ့ဟာကို စောင့်ကြည့်နေကြတဲ့ သဘောမှာတော့ရှိပါတယ် ခင်ဗျ”

ဘုံသဘောတူညီချက်ငါးရပ် မူအတိုင်းသွားမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အဓိကလုပ်ငန်းစဉ်ဖြစ်တယ်လို့လည်း ဒေါက်တာ စိုင်းကြည်ဇင်စိုးကဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ (Photo: NCAS EAO)
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ (Photo: NCAS EAO)

အာဆီယံအထူး ကိုယ်စားလှယ်ဟာ မနေ့မနက်ပိုင်း စစ်ကောင်စီနဲ့ တွေ့ဆုံပြီးနောက် ညနေပိုင်းမှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးတဲ့အကြောင်းအရာကိုတော့ အပစ်ရပ်အဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း အပစ်ရပ်အဖွဲ့တွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

စစ်ကောင်စီ သတင်းမီဒီယာတွေမှာတော့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အပစ်ရပ်အဖွဲ့တွေဟာ အာဆီယံ ဘုံသဘောတူညီချက်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဒီနေ့ဖော်ပြထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ RFA က စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

အာဆီယံ အထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် ကနေ မှတ်ပုံတင် ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၄၅ ပါတီနဲ့လည်း ဇန်နဝါရီ ၁၂ ရက်နေ့မှာ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။

အာလွန်ကယ် ကစ်တစ်ခွန် (Alounkeo Kittikhoun) ဟာ လာအိုနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို လာအိုနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ် အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သံတမန်ရေးရာ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။

သူ့ကို အာဆီယံအထူး ကိုယ်စားလှယ်အဖြစ် လာအိုအစိုးရက ခန့်အပ်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်ကတည်းက စတင် တာဝန်ထမ်းဆောင်နေပြီလို့ ဇန်နဝါရီ ၇ ရက် Thai PBS သတင်း မှာ ဖော်ပြခဲ့ပါတယ်။