စစ်ကောင်စီရဲ့ ထောင်နဲ့ စစ်ကြောရေး စခန်းတွေထဲ သေဆုံးသူ ၁၅၀၀ ကျော်ရှိလာ
2023.11.17
စစ်တပ်အာဏာသိမ်းထားတဲ့နှစ်နှစ်ကျော်အတွင်း ထောင်တွေ၊ စစ်ကြောရေးစခန်းတွေ၊ စစ်တပ်ဘားတိုက်တွေ အပါအဝင် ဖမ်းချုပ်ထားတဲ့နေရာတွေမှာပါ အသက်ဆုံးရှုံးရတဲ့ လူပေါင်း အနည်းဆုံး ၁၅၀၇ ယောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က အောက်တိုဘာ လ ၃၁ ရက်မှာ ထုတ်ပြန်ထား ပါတယ်။
သူတို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် စစ်ကောင်စီလက်အောက်ခံ ဒေသ ဆိုင်ရာအာဏာပိုင်တွေ၊ ဒါမှမဟုတ် စစ်တပ်ထောက်ခံသူတွေရဲ့ ဖမ်းဆီးတာ ခံရပြီးတဲ့နောက် သေဆုံးတာလို့ AAPP က ရေးသား ထားပါတယ်။
အဲဒီထောင့်ငါးရာကျော်ထဲမှာ ၆၅ ယောက်က အကျဉ်းထောင်တွေထဲမှာသေဆုံးတဲ့ အကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်တဲ့ AAPP ရဲ့စာရင်းမှာ တွေ့ရပါတယ်။ သူတို့ဟာ ထောင်တွေထဲမှာ ဆေးဝါးကုသခွင့် အလုံအလောက် မရတာ၊ စစ်ကြောရေး တွေမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အတွင်းဒဏ်တွေကြောင့် သေဆုံးတာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
"သူတို့ (ထောင်အာဏာပိုင်) ဆေးကုသခွင့်မပေးဘူးဗျ။ နေမကောင်းရင် ဘာလုပ်တုန်းဆိုတော့ ဒီအတိုင်းထားတာ"
လတ်တလောသေဆုံးသွားတဲ့သူက ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က မလှလှမော် (ခေါ်) မရွှေတုတ် ဖြစ်ပါတယ်။ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုအေးချမ်းကိုနဲ့ မောင်နှမတော်ပြီး၊ စစ်အာဏာသိမ်းပြီးတဲ့နောက် ကိုအေးချမ်းကို ကို ဖမ်းမမိတဲ့အတွက် မလှလှမော်ကို စက်တင်ဘာ ၂၀၂၁ မှာဖမ်းပြီး စစ်ကောင်စီက ထောင် ခုနစ်နှစ်ချထားတာပါ။ သူဟာ အင်းစိန်ထောင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က သေဆုံးသွားတယ်လို့ AAPP က ဖော်ပြထားပါတယ်။ ဘာကြောင့် သေဆုံးသွားလဲဆိုတာတော့ အသေးစိတ် ဖော်ပြထားတာ မတွေ့ရပါဘူး။
ထောင်ထဲသေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက နောက်တစ်ယောက်ကတော့ တနင်္သာရီတိုင်း လောင်းလုံး မြို့နယ်၊ ဟင်းချို တောရွာက အသက် ၄၄ နှစ်အရွယ် ဦးကျော်သိန်းဖြစ်ပါတယ်။ သူက ထားဝယ် အကျဉ်းထောင်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က ရုတ်တရက်အမောဖောက်လာပြီး ထားဝယ်ဆေးရုံကိုပို့တဲ့ အချိန်မှာ သေဆုံးသွားတာလို့ အမည်မဖော်လိုတဲ့ မိတ်ဆွေတစ်ယောက်က RFA ကို ပြောပါတယ်။
“၂၇ ရက်မနက်ပိုင်းမှာ မိသားစုတွေဆီ ဖုန်းလာတယ်။ ဆုံးပြီဆိုပြီးတော့၊ သူက ကျတော့ အဲဒီ မနက်မှာ အမောဖောက်ပြီးတော့ ရုတ်တရက်ကြီးဖြစ်လာပြီးတော့ ထားဝယ်ဆေးရုံကို တင်မယ်ဆိုပြီးတော့ ဆေးရုံသွားနေတဲ့လမ်းပေါ့။ ကားပေါ်မှာပဲ သေဆုံးသွားတယ်”
ဦးကျော်သိန်းဟာ ၂၀၂၃ ခုနှစ်၊ မတ်လက ဟင်းချိုတောရွာမှာ အဖမ်းခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ -၅၀၊ ၅၁၊ ၅၂-ည နဲ့ ထောင်ဒဏ် ၁၃ နှစ်ချခံထားရတာပါ။ သူမဆုံးခင်တစ်ရက်၊ အောက်တိုဘာလ ၂၆ ရက်နေ့က မိသားစုနဲ့ထောင်ဝင်စာတွေ့လိုက်ရပြီး အဲဒီအချိန်က ကျန်းမာနေသေးတယ်လို့လည်း ပြောပါတယ်။
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ကနဲ့ ထောင်သုံးနှစ်ချခံထားရတဲ့ အသက် ၄၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးစိန်ဝင်း သေဆုံးခဲ့ပါတယ်။ သူ့ရုပ်အလောင်းမှာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ခဲ့ရတဲ့ အကြောင်း အမည်မဖော်လိုတဲ့ သူ့မိတ်ဆွေတစ်ယောက်က RFA ကို ပြောပါတယ်။
“သူ မကွယ်လွန်ခင်တုန်းက ကျန်းမာရေးအကောင်းကြီး။ ကိုစိန်ဝင်းက ဘာရောဂါမှလည်းမရှိဘူး။ မကျီးစုရွာရဲ့ ရွာသားဖြစ်နေတဲ့အတွက်ကို ဒီမှာက တော်လှန်ရေးသမားတွေအများကြီးထွက်တယ်။ သူပုန်ရွာပုံစံမျိုးသတ်မှတ်ပြီး စွပ်စွဲချက်တွေနဲ့ နှိပ်စက်ပေါ့နော်။ အညိုအမည်းစွဲနေပြီး လည်ပင်းတွေ ဘာတွေမှာလည်း ဒဏ်ရာတွေ၊ နံဘေးတွေမှာလည်း ဒဏ်ရာတွေနဲ့ သေဆုံးတဲ့ အချိန်မှာတွေ့ရတယ်”
ဦးစိန်ဝင်းဟာ အစာအိမ်သွေးကြောပေါက်ပြီးသေဆုံးတာလို့ ထောင်အာဏာပိုင်တွေ ဘက်က အကြောင်းပြပေမယ့် မိသားစုနဲ့ မိတ်ဆွေတွေကမယုံကြဘူးလို့ ပြောပါတယ်။
ထောင်ထဲသေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၅ ယောက်ထဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပါတီဝင် ၁၃ ယောက်ပါဝင်ပါတယ်။ သေဆုံးရတဲ့ NLD ပါတီဝင်တွေထဲမှာ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပဲခူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေနဲ့ ဝေါမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီတို့လည်း ပါခဲ့ပါတယ်။
အခုဆို နိုင်ငံရေးအကျဉ်းသားတွေဟာ ရာဇဝတ်အကျဉ်းသားတွေထက်ပိုပြီး ဖိနှိပ်ခံနေကြရတယ်လို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရိုက်နှက်ခံရတာရှိသလို၊ ဆေးကုသခွင့်မပေးတာတွေ ကြုံခဲ့ရတဲ့အကြောင်း အကျဉ်းထောင်ကနေပြန်လွတ်လာတာမကြာသေးတဲ့ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ယောက်က RFA ကို ပြောပါတယ်။
“အဲဒါတွေက သူတို့ (ထောင်အာဏာပိုင်) ဆေးကုသခွင့်မပေးဘူးဗျ။ နေမကောင်းရင် ဘာလုပ်တုန်း ဆိုတော့ ဒီအတိုင်းထားတာ။ နိုင်ငံရေးအကျဉ်းသားတွေက အိမ်ကို ဖုန်းဆက်ပေး အဲလိုမျိုး တောင်းဆို တယ်။ ဗိုလ်လေးတွေကိုပေါ့ တောင်းဆိုတယ်။ အဲအချိန်ကျရင် သူတို့က အေးအေး ဖုန်းဆက်ပေးမယ် ဆိုပြီး မဆက်ပေးဘူး။ သေရင်သေပါစေဆိုပြီး ဒီအတိုင်းထားတာ နိုင်ငံရေးအကျဉ်းသားတွေကို။ တချို့ဆို အကြာကြီးစောင့်ပြီးမှ မန္တလေးအကျဉ်းထောင်ကိုပို့လိုက်တာ ပို့လိုက်တယ်ဆိုတာက မန္တလေးမှာ ဆေးကုလို့ရတယ်ပေါ့ အကျဉ်းထောင်ထဲမှာ”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ယောက်ကတော့ အကျဉ်းသားတွေကို လုံလောက်တဲ့ ဆေးကုသမှုတွေပေးရမယ်ဆိုတာ အကျဉ်းထောင်လက်စွဲဥပဒေမှာ ပြဋ္ဌာန်းထားတယ်လို့ RFA ကို ပြောပါတယ်။
“ကျန်းမာရေးမကောင်းလို့ တစ်စုံတစ်ခု ဆေးဝါးကုသဖို့လိုအပ်လာရင် သက်ဆိုင်ရာ ထောင်ကြပ် (ထောင်စောင့်) တွေကနေတစ်ဆင့် ထောင်ပိုင်တွေကို ချက်ချင်း အကြောင်းကြားရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ တင်ပြတဲ့လူနာကို ထောင်ဆေးရုံမှာ ကုရင်ကု၊ ထောင်ဆေးရုံမှာ ကုသလို့ မပျောက်ကင်းနိုင်မယ့် ပြင်ပဆေးရုံကို ပြောင်းရွှေ့ကုသရမယ်လို့ ထောင်ဆရာဝန်က မှတ်ချက်နဲ့ ပေးလိုက်လို့ရှိရင် ထောင်ပိုင်အရာရှိဟာ ငြင်းဆိုချက်မရှိဘဲနဲ့ အပြင်ကိုထုတ်ပြန် ဆေးဝါးကုသမှု ပေးရမယ်လို့ အကျဉ်းထောင်လက်စွဲဥပဒေမှာ ပြဋ္ဌာန်းထားတယ်”
ဒါပေမဲ့လည်း အဲဒီဥပဒေကို ထောင်အာဏာပိုင်တွေ မလိုက်နာကြဘူးလို့ သူက ပြောပါတယ်။
အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးတာ၊ နှိပ်စက်ညှဉ်းပန်းခံရ တာတွေနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာနရဲ့ ပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာမရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဌာန ဒု-ဝန်ကြီး ဦးအောင်ကျော်မိုး ကတော့ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီက တာဝန်ခံရလိမ့်မယ်လို့ RFA ကို ပြောပါတယ်။
“သက်ဆိုင်ရာ အစိုးရအဖွဲ့ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကနေ မှတ်တမ်းမှတ်ရာတွေ သေသေချာချာ ပြည့်စုံမှုအရှိဆုံးနဲ့ ကောက်ခံနေတဲ့ဟာတွေရှိတယ်။ ကောက်ခံ ထားတဲ့ သတင်းအချက်အလက်တွေကို မှတ်တမ်းမှတ်ရာတွေ၊ အချက်အလက် တွေကို နိုင်ငံတကာဆီကို မျှဝေတာရယ်၊ တစ်ဖက်က တော်လှန်ရေးခရီး အတိုင်းအတာတစ်ခုရောက်သွားရင် အခြေခံအဆောက်အဦတွေ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားရင် ပြည်တွင်းတရားမျှတမှုအောက်မှာ စစ်ကောင်စီက တာဝန်ခံဖို့ လိုတယ်”
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နဲ့ ကိုးလအတွင်း တစ်နိုင်ငံလုံးမှာ အဖမ်းခံထားရတဲ့သူ နှစ်သောင်း နီးပါးရှိနေသေးပြီး၊ သေဆုံးခဲ့ရတဲ့ပြည်သူစုစုပေါင်း ၄၁၈၇ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။