စစ်ကောင်စီခန့် ဗဟိုဘဏ် အရာရှိကြီးတွေကို NUG ရဲ့အရေးယူမှု လေ့လာသူတွေဝေဖန်

RFA Burmese
2023.09.27
စစ်ကောင်စီခန့် ဗဟိုဘဏ် အရာရှိကြီးတွေကို NUG ရဲ့အရေးယူမှု လေ့လာသူတွေဝေဖန် ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
AFP

စစ်ကောင်စီခန့်ထားတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ အဆင့်ကနေ ဒု -ညွှန်ကြားရေးမှူးအဆင့် အထိ ထိပ်တန်း အရာရှိကြီး ၄၄ ယောက်ကို၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး (ဗဟို) က၊ အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်တဲ့အကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်က ကြေညာခဲ့ပါတယ်။

သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၃) ပုဒ်မခွဲ (ပ) အရ ကြေညာတာဖြစ်ပြီး၊ အခန်း ၁၄ ပါ ပြဋ္ဌာန်းချက်တွေနဲ့ အရေးယူမယ်လို့လည်း ဖော်ပြပါတယ်။ အဲဒီဥပဒေအရ ပြစ်မှုထင်ရှားရင် အနည်းဆုံးထောင်ဒဏ် တစ်နှစ်ကနေ အများဆုံးထောင်ဒဏ် တစ်သက် အထိချမှတ်နိုင်ပါတယ်။

တရားလွှတ်တော်ရှေ့နေ စောဘဦးလေးကတော့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ဒီလို ကြေညာပေမယ့်လည်း လက်တွေ့အရေးယူနိုင်တဲ့ အခြေအနေမှာ မရှိသေးဘူးလို့ သုံးသပ်ပါတယ်။

“ဒါက လေလှိုင်းပေါ်ကနေ တိုက်ခိုက်နေတဲ့ စစ်ပွဲတစ်ခုလို့ မြင်ပါတယ်။ ထိရောက်မှု အခြေအနေပေါ့နော် ဥပဒေကြောင်းအရ အပြစ်ပေးအရေးယူနိုင်တဲ့ အခြေအနေ၊ ဥပဒေကို နောက်ဆက်တွဲ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေကတော့ ဒသမတစ်ပဲရှိပါတယ်”

ဒီကြေညာချက်ရဲ့နောက်ဆက်တွဲအနေနဲ့ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံရတဲ့ သူတွေရဲ့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေဖြစ်လာနိုင်တာကို NUG အနေနဲ့ စဉ်းစားသင့်တယ်လို့ သူက ထောက်ပြပါတယ်။

NUG အစိုးရရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ တရားဥဒေစိုးမိုးတဲ့ အချိန်ရောက်ရင် အရေးယူလာနိုင်မယ်လို့ RFA ကိုပြောပါတယ်။

“တရားဥပဒေစိုးမိုးတဲ့ အချိန်ကာလရောက်ရင် တရားဥပဒေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့အခွင့်အရေး၊ ဥပဒေကြောင်းအရ ကာကွယ်ပြောဆိုပိုင်ခွင့်လည်း ရှိမှာ ဖြစ်ပါတယ်။ တရားဥပဒေအတိုင်း ဖြစ်မယ့်ကိစ္စပါ။ အခုအချိန်မှာ ကြေညာခြင်းအားဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေရော၊ တော်လှန်ရေး အင်အားစုတွေရော၊ နိုင်ငံတကာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အသိုင်းဝိုင်းတွေကလည်း ဒီလူတွေဟာ အကြမ်းဖက် သမားတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတဲ့ အကြမ်းဖက်တွေအဖြစ် NUG က သတ်မှတ်ထားတယ် ဆိုတာ သိခြင်းအားဖြင့် သူတို့ဘက်ကနေပြီးတော့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်”

ငွေကြေးဆိုင်ရာ လေ့လာသုံးသပ်သူ တစ်ဦးကလည်း NUG အစိုးရရဲ့ ဒီကြေညာချက်ကြောင့် စစ်ကောင်စီကို တိုက်ရိုက်သက်ရောက်မှာ မဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။

“ဒါကြေညာတာကြောင့်လို့တော့ စစ်ကောင်စီအပေါ်မှာ ပိုပြီး ထိရောက်သွားတယ် လို့တော့ ကျွန်တော်တော့ မယုံကြည်ဘူး။ ဆိုလိုတာက နိုင်ငံတကာအရေးယူ ပိတ်ဆို့မှုတွေ ရှိတယ်။ တစ်ခုခု အရေးယူ ပိတ်ဆို့လိုက်တယ်လို့ ပြောရင် အဲဒီလူတွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်သိမ်းတာတွေ၊ သူတို့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာတွေ လုပ်လို့ရတယ်။ NUG အနေနဲ့က အဲဒါတွေကို လုပ်နိုင်ဖို့အခွင့် အရေးမရှိဘူး။ မရှိတဲ့အခါကျတော့ သူတို့အနေနဲ့ တော်လှန်ရေးအောင်ခဲ့ရင် တရားဥပဒေအရ တရားစီရင်နိုင်မယ်ဆိုတဲ့ဟာပဲရှိလိမ့်မယ်”

သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့၊ Justice For Myanmarနဲ့ Burma Campaign For UK စတဲ့အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်က စစ်ကောင်စီရဲ့ကို ပိုပြီးထိရောက်တယ်လို့ သူကပြောပါတယ်။

NUG အစိုးရက ဗဟိုဘဏ်အရာရှိကြီး ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားသိရဖို့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

"တရားဥပဒေစိုးမိုးတဲ့ အချိန်ကာလရောက်ရင် တရားဥပဒေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။"

ဒါ့ကြောင့် စစ်တပ်အရာရှိဟောင်းတွေ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တော့ စစ်ကောင်စီအပေါ် သက်ရောက်မှု မရှိပေမယ့် အကြမ်းဖက်အဖြစ် ကြေညာခံရသူတွေရဲ့ လုံခြုံရေးသတိရှိဖို့ လိုမယ်လို့ RFA ကိုပြောပါတယ်။

“ဒါကတော့ အမြဲတမ်းလုပ်နေကြ အလုပ်တစ်ခုပါပဲ။ အကြမ်းသမားတွေအဖြစ် ကြေညာတယ်ဆိုတာလေ။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့။ ကြေညာချက် သီးသန့်ထက်တော့ ဘာဖြစ်လာနိုင်မလဲဆိုတော့ အဲဒီဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ချောင်းမြောင်းလုပ်ကြံတာတို့ အလစ်အငိုက်မှာ ပြန်ပေးဆွဲတာ၊ သတ်ဖြတ်တာ ဒါမျိုးတွေတော့ လုပ်လာနိုင်စရာရှိတယ်။ ဒီအတွက် လုံခြုံရေးပိုင်းဆိုင်ရာ သတိရှိဖို့လိုအပ်တယ်”

စစ်ကောင်စီခန့်ထားတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ ၂၀၂၂ ခုနှစ် ဧပြီလတုန်းက ရန်ကုန်က သူ့ရဲ့အိမ်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး ဒဏ်ရာရခဲ့ပါတယ်။

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသည့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို တွေ့ရစဉ်။ (Phtoo: Citizen Journalist)
ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသည့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို တွေ့ရစဉ်။ (Phtoo: Citizen Journalist)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်မြက်ကတော့ NUG အစိုးရအနေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေကို စည်းရုံးရေးနည်းနဲ့ပဲ လုပ်သင့်တယ်လို့ပြောပါတယ်။

“ပြည်သူက အဓိကပဲဆိုတဲ့ဟာကို ယူရမယ်။ အဲဒီပြည်သူကို ပြန်ပြီးတော့ အရေးယူမှုမျိုးတွေ လုပ်လာရင် ကိုယ့်အတွက်ကလည်း တစ်ဖက်(စစ်ကောင်စီ) လို ကျဆုံးဖို့နီးလာပြီလို့ သဘောထားရလိမ့်မယ်”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို စစ်ကောင်စီဘက်လည်း အကြမ်းဖက် အဖွဲ့တွေအဖြစ် ကြေညာထားသလို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဝန်ထမ်းတွေကို အရေးယူ ဖမ်းဆီးတာနဲ့ သတ်ဖြတ်ခံရတဲ့ အခြေအနေတွေလည်း ကြုံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။