Facebook နဲ့ YouTube ကို အစားထိုးဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းချက် မအောင်မြင်နိုင်
လူမှုကွန်ရက် Facebook အစား Okay Par အမည်ရ စစ်တပ်နဲ့ နီးစပ်တဲ့ မြန်မာပညာ ရှင်တွေ ထုတ်လုပ်ထားတဲ့ လူမှုကွန်ရက်ကို အသုံးပြုဖို့နဲ့ YouTube အစား Mtube ကို အသုံးပြုဖို့ စစ်ကောင်စီဘက်က နည်းပညာပိုင်းအရ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေး မီဒီယာတွေဖြစ်တဲ့ MRTV နဲ့ MWD တို့လို မီဒီယာတွေကို YouTube နဲ့ Facebook အပါအဝင် ဆိုရှယ်မီဒီယာ တွေကနေ ဖြုတ်ချခံနေရတာကြောင့် စစ်ကောင်စီက သူတို့ကိုယ်တိုင် ထိန်းချုပ်လို့ရမယ့် အခြား မီဒီယာ ပလက်ဖောင်းတွေကို အစားထိုးသုံးစွဲဖို့ စီစဉ်လာတာပါ။
Facebook က စစ်တပ်နဲ့ ပတ်သက်တဲ့ Page တွေ အကောင့်တွေ၊ အမျိုးသားရေးနဲ့ ပတ် သက်တဲ့ အကောင့်တွေ၊ ပို့စ်တွေကို ဖြုတ်ချနေတာကြောင့် ကိုယ်ပိုင်လူမှုကွန်ရက် မီဒီယာ တစ်ခု တည်ဆောက်ဖို့ စစ်ကောင်စီက စီစဉ်နေတာဖြစ်ပြီး စစ်တပ်ထောက်ခံတဲ့ အသိုင်း အဝိုင်းကတော့ အဲဒီကွန်ရက်အမည်ဟာ Okay par ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
“စစ်တပ်ကနေပြီးတော့ မီဒီယာကို အသုံးချပြီး ပြည်သူတွေကို ဝါဒဖြန့်မယ့်နည်းကတော့ အောင်မြင်မှာ မဟုတ်ပါဘူး"
စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်ကတော့ သူတို့ဘက်ကတင်တဲ့ သတင်းတွေကို ဆိုရှယ်မီဒီယာမှာ ဖြုတ်ချခံနေရတာကြောင့် သတင်း တွေကို ဖော်ပြနိုင်ဖို့ နည်းလမ်းရှာဖွေနေရတာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အခုမှ စမ်းသပ်ဆဲပဲ ဖြစ်သေးတယ်။ အစားထိုးတယ်ဆိုတာမျိုး မဟုတ်ဘူး။ YouTube က သူ့ဟာသူ ရှိနေတာပဲလေ။ တစ်ခါတလေမှာ YouTube ရယ်ဘာရယ်လို့ မပြောဘူး။ တချို့ ဆိုရှယ်မီဒီယာ အပေါ်မှာ ကိုယ်တို့သတင်းတွေ တင်တဲ့အခါမှာ ဖြုတ်ချခံရတယ် ဆိုတာ လက်တွေ့ဖြစ်နေတာပဲလေ။ မီဒီယာရဲ့ သဘောက ပြင်ပမီဒီယာပဲ ဖြစ်ဖြစ်၊ အစိုးရမီဒီယာပဲဖြစ်ဖြစ် Access to Information ပေါ့နော်။ ပြည်သူတွေကို သတင်းသိရှိ ပိုင်ခွင့်နဲ့ ပတ်သက်လို့ရှိရင် ပေးရမယ့် တာဝန်ရှိတယ်။ ဒီတော့ အဲဒါမျိုးလေးတွေ ဖြုတ် ချတဲ့အခါမျိုး ဖြစ်လာတဲ့အခါမှာ ကိုယ်တို့ရဲ့ သတင်းတွေကို ဖော်ပြနိုင်ဖို့ ပြီးရင် ပြည်သူ တွေ သိရှိဖို့ ဆိုလို့ရှိရင် ကိုယ်တို့က နည်းလမ်းပေါင်းစုံ သုံးပြီးတော့ ဆောင်ရွက်တာပေါ့ နော်”
မီဒီယာပလက်ဖောင်းအသစ်တွေ အသုံးပြုနိုင်ဖို့ မြန်မာပညာရှင်တွေနဲ့ပဲ ဆောင်ရွက်နေတာ ဖြစ်ပြီး ရုပ်မြင်သံကြား၊ ရေဒီယို၊ အွန်လိုင်း စတဲ့နည်းလမ်းပေါင်းစုံကနေ သတင်းတွေ တင် ပြနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဦးမျိုးမြင့်မောင်က ပြောပါတယ်။
YouTube နေရာမှာ အစားထိုး အသုံးပြုနိုင်မယ့် Mtube Live Streaming Platform ကို လည်း အရပ်သားပညာရှင်တွေနဲ့ ရေးဆွဲထားပြီး လက်ရှိအချိန်အထိတော့ စမ်းသပ်အသုံးပြု တဲ့အဆင့်မှာပဲ ရှိသေးကြောင်းနဲ့ မကြာမီ အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
Mtube Live Streaming Platform ရဲ့နည်းပညာ ကဏ္ဍကို ဦးဆောင်မယ့်သူကတော့ United Info-Sec ကုမ္ပဏီဖြစ်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
ရန်ကုန်မြို့ခံလူငယ် အမျိုးသမီး တစ်ဦးကတော့ မီဒီယာနည်းလမ်းတစ်ခု အသုံးဝင်ဖို့ အောင်မြင်ဖို့ဆိုတာ အသုံးပြုမယ့် ပရိသတ် ကျယ်ပြန့်အောင် လုပ်နိုင်စွမ်းနဲ့ ရည်ရွယ်ချက် ကောင်းတွေရှိမှသာ အလုပ်ဖြစ်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။
“စစ်တပ်ကနေပြီးတော့ မီဒီယာကို အသုံးချပြီး ပြည်သူတွေကို ဝါဒဖြန့်မယ့် နည်းက တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ ဘာလို့ဆို မီဒီယာ နည်းလမ်းတစ်ခု အသုံးဝင်ဖို့ဆို တာ အသုံးပြုမယ့် ပရိသတ်၊ Outreach လုပ်နိုင်စွမ်းနဲ့ သူ့ရည်ရွယ်ချက် ကောင်းတွေ ရှိရမယ်ပေါ့နော်။ အခုက သူတို့ရဲ့ရည်ရွယ်ချက်က ဝါဒဖြန့်ဖို့ ဖြစ်နေတာရယ်၊ နောက် တစ်ခုက သူတို့ ဘာလုပ်လုပ် ကျနော်တို့ တော်လှန်ရေးလူထု အင်အားက တိုက်ဖျက်ဖို့ အတွက် စိတ်ဆန္ဒရှိနေသေးတယ်။ နောက်တစ်ခုက နိုင်ငံတကာရပ်ဝန်းက သူတို့ လုပ် သမျှ လက်မခံပေးဘူးပေါ့နော် အခုချိန်မှာလေ။ အဲအတွက်ကြောင့် သူတို့ ဘာလုပ်လုပ် အောင်မြင်မှာ မဟုတ်ပါဘူး”
အစိုးရ မဟုတ်တဲ့ NGO တစ်ခုမှာ အလုပ်လုပ်နေတဲ့ ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက လည်း စစ်ကောင်စီရဲ့ အပလီကေးရှင်းတွေဟာ လုံခြုံရေးအရ စိတ်မချရလို့ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“Facebook နဲ့ YouTube ကို အစားထိုးဖို့ အခုစစ်ကောင်စီက ပြင်ဆင်နေတဲ့ အပလီ ကေးရှင်းတွေက တစ်ကယ်တမ်း လူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ ဖို့က တော်တော်လေးကို ခက်ခဲမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအပလီကေး ရှင်းတွေရဲ့ ရည်ရွယ်ချက်ကိုက လူထုကြားထဲမှာ ဝါဒဖြန့်ချိဖို့အတွက် အဓိက စဉ်းစား ထုတ်လုပ်ထားတဲ့ အပလီကေးရှင်းတွေ ဖြစ်ပါတယ်။ နံပါတ်နှစ်ကတော့ အချက်အလက် ဆိုင်ရာ လုံခြုံမှုဖြစ်ပါတယ်။ အသုံးပြုတဲ့သူအနေနဲ့ ကိုယ့်ရဲ့အချက်အလက် အမှန်တွေကို အသုံးပြုပြီးတော့ ဒီစစ်ကောင်စီရဲ့ ပလက်ဖောင်းမှာ သွားပြီးတော့ Register လုပ်ဖို့ဆို တာက တော်တော်လေးကို ခက်ခဲပါလိမ့်မယ်”
Facebook၊ Twitter၊ YouTube နဲ့ Tiktok တို့လို ဆွဲဆောင်မှုရှိပြီး အကျိုးအမြတ်ရှိတဲ့ ပလက်ဖောင်းတွေကို ပိတ်ပင်ပြီးတော့ ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ထားတဲ့ အပလီကေးရှင်း တွေကို ဇွတ်အတင်း သုံးခိုင်းမယ်ဆိုရင် လူတွေက လက်ခံမှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ သူတို့ဘက်က သတင်းတွေကို ပုံစံမျိုးစုံနဲ့ တင်ဆက်နိုင်ဖို့ အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ MRTV Application ကိုလည်း ရေးဆွဲခဲ့ ပါသေးတယ်။
အဲဒီပွဲကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့က အွန်လိုင်းပေါ်လွှင့်တင်ပြီး နောက်တစ် ရက်မှာပဲ ပြန်ဖြုတ်ချခံခဲ့ရပါတယ်။
MRTV app ကို ဒေါင်းလုပ်ဆွဲရယူရာမှာ အဓိက ပလက်ဖောင်းတွေဖြစ်တဲ့ Apple store နဲ့ Google play store တို့ဟာ သူတို့ရဲ့ ပလက်ဖောင်းတွေကနေ ဖယ်ရှားပစ်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနဲ့ အဆင်ပြေနေတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ Facebook ကိုပိတ်ထားပြီး အခြားလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Weibo အသုံးပြုခိုင်းတာ အောင်မြင်တဲ့အတွက် စစ် ကောင်စီကလည်း အဲဒီလိုမျိုး လိုက်လုပ်ချင်ပုံရတယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါပေမဲ့ မြန်မာပြည်အနေအထားအရ Weibo လိုမျိုး နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်တဲ့ ကုမ္ပဏီမျိုး မရှိသေးတဲ့အတွက် အဆင်ပြေမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။
ရန်ကုန်မြို့က နည်းပညာကျွမ်းကျင်သူ လူငယ်တစ်ဦးကတော့ မြန်မာပြည်မှာ Facebook အသုံးပြုသူ သန်း ၂၀ ရှိပြီး ဒီအချက်အလက်တွေကို ထိန်းသိမ်းနိုင်တဲ့ နည်းပညာမျိုး မြန်မာ မှာမရှိသေးဘူးလို့ RFA ကို ပြောပါတယ်။
“ကျနော်တို့ Facebook သုံးတဲ့သူဆိုရင် မြန်မာနိုင်ငံမှာ သန်း ၂၀ ဝန်းကျင်ရှိတယ်လို့ စာရင်းဇယား အချက်အလက်တွေအရ သိရတယ်ပေါ့။ အဲဒီတော့ User သန်း ၂၀ ရဲ့ Data တွေကို ထိန်းသိမ်းဖို့ အဆင်ပြေပြေ ချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့တွေ ဒါတွေ အားလုံးကို နည်းပညာရှုထောင့်ကနေ အကောင်းမွန်ဆုံး နည်းလမ်းနဲ့ ချည်းကပ်နိုင်ဖို့ပေါ့။ အဲဒီလို ဝန်ဆောင်မှုမျိုး ပေးနိုင်တဲ့ ကုမ္ပဏီမျိုး မြန်မာပြည်မှာ မမြင်မိသေးဘူး။ စစ် ကောင်စီက လုပ်နေတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေက နည်းပညာပိုင်းအရလည်း အောင်မြင်နိုင်ချေ မရှိသလောက်ပဲပေါ့နော်”
စစ်ကောင်စီကဲ့ အပလီကေးရှင်းတွေ ထွက်လာခဲ့ရင်တော့ လူထုကို စည်းရုံးတဲ့နည်းနဲ့ သုံး ခိုင်းမှာလား၊ အမိန့်အာဏာတွေ ထုတ်ပြီး Facebook၊ YouTube သုံးမယ့်သူကို ဖမ်းဆီးမယ် ဆိုမျိုး လုပ်လာမလားတော့ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။
အာဏာရှင်နိုင်ငံ မြောက်ကိုရီးယားမှာဆိုရင်တော့ သူတို့ခွင့်ပြုထားတဲ့ အပလီကေးရှင်းတွေ ကိုပဲ ဖုန်းထဲမှာ ထည့်ခွင့်ပြုပြီး အဲဒီဖုန်းတွေကိုလည်း တရုတ်နိုင်ငံကနေ တိုက်ရိုက်မှာယူ တင်သွင်းတာမျိုး လုပ်ထားတာပါ။

ရန်ကုန်မြို့မှာနေထိုင်တဲ့ နည်းပညာကျွမ်းကျင်တဲ့ အခြားလူငယ်တစ်ဦးကတော့ စစ်ကောင် စီဟာ လူမှုကွန်ရက်တွေကို နည်းပညာနဲ့ ထိန်းချုပ်ဖို့ အစားထိုးဖို့ ကြိုးစားခဲ့ပြီးပြီ ဖြစ်ပြီး မအောင်မြင်ခဲ့ဘူးလို့ RFA ကို ပြောပါတယ်။
“သူတို့ အဲဒါတွေ လုပ်ပြီးသွားပြီ။ မအောင်မြင်တာ။ ကျနော်တို့တွေ လမ်းတွေထွက် လျှောက်ကြတဲ့ဟာ ပြီးကတည်းက လိုင်းတွေလည်းပြောင်း၊ ကွန်နက်ရှင်တွေကို ကျအောင်လုပ်။ တစ်ကယ်လို့သာ မြန်မာပြည်က ဒါတွေလုပ်ခဲ့၊ လုပ်နိုင်ခဲ့ရင် ကြာခဲ့ပြီပေါ့။ လူတွေကလည်း မသုံးနိုင်ဘူး။ Developer တွေကိုယ်တိုင်ကလည်း ဘယ်လိုမီမလဲ။ အတွေ့အကြုံ၊ ပညာအရည်အချင်း ဘယ်လိုလုပ် မီမလဲ။ Security ပိုင်းကလည်း သူတို့ရဲ့ ဆာဗာတွေ Attack လုပ်ခံရတာတို့ မူပိုင်ဆာဗာတွေ Freeze အလုပ်ခံရတာတို့ ဖြစ်လာဦးမယ်။ သူတို့လုပ်တာတွေက ဝေ့နေတာနဲ့ အချိန်ကုန်တာ ပဲရှိတယ်”
စစ်ကောင်စီက ထုတ်တဲ့ ပရိုဂရမ် (Application) ကို လုံခြုံရေးပိုင်းဆိုင်ရာအရ စိတ်မချ ရတာကြောင့် ပြည်သူတွေသုံးမှာ မဟုတ်ဘဲ စစ်တပ်ကို ထောက်ခံသူတွေသာ အသုံးပြု လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ သူတို့ကို ထောက်ခံတဲ့ အသိုင်းအဝိုင်းက Okay Par လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုနေကြသလို စစ်ကောင်စီကို ထောက်ခံတဲ့ သတင်းမီဒီယာတချို့က လည်း အဲဒီမှာပဲ သတင်းတွေ တင်ဆက်နေကြပါပြီ။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက် တာ၊ အချိန်ကန့်သတ်တာတွေအပြင် Facebook အပါအဝင် လူမှုကွန်ရက် မီဒီယာတချို့ကို ပြည်တွင်းကနေ လွယ်လွယ်ကူကူ အသုံးမပြုနိုင်အောင် ကန့်သတ်ထားပါတယ်။
ဒါ့အပြင် အင်တာနက် အသုံးပြုတဲ့နေရာကို ကျော်လွှားနိုင်တဲ့ VPN (Virtual Private Network) အသုံးပြုတဲ့သူတွေကိုလည်း ထောင်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံ ရေး ဥပဒေမူကြမ်းကို ပြင်ဆင်နေသလို တဖက်မှာလည်း လက်ကိုင် စမတ်ဖုန်းတွေမှာ VPN အက်ပလီကေးရှင်း ရှိ၊ မရှိ စစ်ဆေးတာတွေကိုပါ အခုနှစ် ဇန်နဝါရီလကစပြီး လုပ်ဆောင်ခဲ့ ပါတယ်။