မြန်မာ နဲ့  R2P

မောင်သစ်ဆင်း(ဝါရှင်တန်ဒီစီ)
2021-05-22
Share
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်၊ စစ်တပ်က ထပ်မံ အာဏာသိမ်းခဲ့ပြန်တဲ့နောက် ပြည်သူတွေအပေါ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေချိန် ကစပြီး၊ နိုင်ငံတွင်းမှာ R2P လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံက ပြည်သူတွေ အတွက် ဆိုင်ရာအစိုးရက အကာအကွယ်ပေးဖို့ ပျက်ကွက်တာ၊ ကာကွယ်ပေးနိုင်စွမ်း မရှိတဲ့အခါ ကုလသမဂ္ဂက ကြားဝင်ရတဲ့ အစီအစဉ်အကြောင်း မြန်မာပြည်တွင်းမှာ အပြောများလာခဲ့သလို၊ R2P အပေါ် မျှော်လင့်ချက်တွေလည်း မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံအပေါ် စစ်လက်နက်နဲ့ နည်းပညာတွေ မရောင်းချဖို့ တောင်းဆိုချက်ကို ဆွေးနွေး မဲခွဲဖို့ရှိခဲ့ပေမယ့် အကန့်အသတ် မရှိ ရက်ရွှေ့ဆိုင်း ခဲ့ရပါတယ်။ ရွှေ့ဆိုင်းရတဲ့ အဓိကအချက်ကတော့ ခရိုအေးရှားနိုင်ငံက တင်သွင်းတဲ့ R2P နဲ့ ပတ်သက်လို့ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်မယ့် ယန္တယားထူထောင်ရေး အဆိုကို ဥရောပသမဂ္ဂရဲ့ ထောက်ခံမှုနဲ့ ခရိုအေးရှားနိုင်ငံက ဦးဆောင်ပြီး အဆိုတင်သွင်းခဲ့လို့ပါ။ ခရိုအေးရှားဟာ အဲဒီ R2P အဆိုကို တင်သွင်းနိုင်ဖို့ အချိန် နှစ်လ ယူခဲ့ရတယ်လို့ သိရပါတယ်။ ခရိုအေးရှားရဲ့ အဆိုကို အဖွဲ့ဝင် နိုင်ငံတွေက ၂ ရက်ကြာ ဆွေးနွေး ပြီး မဲခွဲခဲ့ရာမှာ ထောက်ခံမဲ ၁၁၅ မဲ၊ ကန့်ကွက်မဲ ၁၅ မဲ ၊ ပျက်ကွက်မဲ ၂၈ မဲနဲ့ R2P ဆုံးဖြတ်ချက်ကို အတည်ပြု နိုင်ခဲ့ပါတယ်။ ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ R2P နဲ့ပတ်သက်ပြီး ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဘုံသဘောတူညီမှု ရရှိခဲ့တာ ဖြစ်သလို၊ အဖွဲ့ဝင်နိုင်ငံအများစုရဲ့ ထောက်ခံမှုနဲ့ အတည်ပြု နိုင်ခဲ့တဲ့ သမိုင်းဝင်ဆုံးဖြတ်ချက် အဖြစ်လည်း ရှုမြင်ကြပါတယ်။ မကြာခင် ကာလအတွင်း ကုလသမဂ္ဂမှာ R2P ခေါင်းစဉ်နဲ့ ဆွေးနွေးမှုတွေ တွေ့မြင် ကြားသိကြရတော့မှာလည်း ဖြစ်ပါတယ်။

R2P က နိုင်ငံတွေရဲ့ ရာဇဝတ်မှု လေးမျိုးကို ဖြေရှင်းရပါတယ်။ အဲဒါတွေက - လူမျိုးတုံးသတ်ဖြတ်မှု (Genocides)၊ စစ်ရာဇဝတ်မှု (War Crimes)၊ လူမျိုးစု ပျောက်ကွယ်အောင်ပြုလုပ်မှု (Ethnic Cleansing)၊ ပြည်သူတစ်ရပ်လုံးအား ဆန့်ကျင်သည့်အမှုကို ကျယ်ကျယ်ပြန့်ပြန့် (သို့မဟုတ်) စနစ်တကျ မူဝါဒ ချမှတ်ပြီး ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုတွေဖြစ်ပါတယ်။ အဲဒီ ပြဿနာတွေကို R2P က ညှိနှိုင်းဖျန်ဖြေပေးတာ၊ သတိပေးတာ၊ စီးပွားရေးပိတ်ဆို့တာ၊ နောက်ဆုံး ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီကို လွှဲအပ်တာတွေ ဆောင်ရွက်ရပါတယ်။

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစပြီး၊ ပြည်သူ လူထုဟာ စစ်တပ်ရဲ့ စနစ်တကျပစ်မှတ်ထား သတ်ဖြတ်ခံ နေရတာကြောင့် ကလေးတွေ အပါအဝင် လူ ရှစ်ရာကျော် သေဆုံးခဲ့ရ၊ နှိပ်စက်ညှဉ်းပန်း ခံနေကြရကြောင်း၊ ရွေးကောက်ခံအစိုးရအဖြစ် ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု အထောက်အထားပေါင်း ငါးသိန်းကျော်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ တင်ပြထားပြီး ဖြစ်ကြောင်း၊ မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာတဲ့ အဖွဲ့အစည်းလည်း မဟုတ်ကြောင်းလည်း ပြောပါတယ်။ ဒါ့ပြင် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို မြန်မာပြည်သူတွေကို တရားဝင်ကိုယ်စားပြုတဲ့ အစိုးရအဖြစ် အသိအမှတ်ပြုဖို့ လည်းတောင်းဆိုလိုက်ပါတယ်။

R2P မှာ အဆင့် သုံးဆင့်ရှိပြီး၊ များစွာစိုးရိမ်စရာရှိရင် အဝါရောင်အဆင့်၊ အန္တရာယ် ကျရောက်လုဆဲ ဆိုရင် လိမ္မော်ရောင်အဆင့်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေပြီး၊ အရေးပေါ် အရေးယူဖို့ လိုအပ် နေရင် အနီရောင်အဆင့် အဖြစ် သတ်မှတ်ထားပါတယ်။

ကမ္ဘာမှာ R2P ဝင်ရောက်ခဲ့တဲ့ နိုင်ငံတွေက လစ်ဗျား၊ မာလီ၊ ဆူဒန်နဲ့တောင်ဆူဒန်၊ ယီမင်နိုင်ငံတွေ ဖြစ်ပါတယ်။ ဆီးရီးယားပြဿနာမှာလည်း အမေရိကန်က R2P သုံးပြီး ဝင်ရောက်ဖို့ အကြိမ်ကြိမ်‌ကြိုးပမ်း ခဲ့ပေမယ့် ရုရှား နဲ့ တရုတ်က ဗီတိုအာဏာသုံး ပယ်ချခဲ့လို့ မအောင်မြင်ခဲ့ဘဲ ယီမင်အရေးမှာလည်း မအောင်မြင်ခဲ့ပါဘူး။

ကုလလုံခြုံရေးကောင်စီအနေနဲ့ R2P ကို ၂၀၀၆ ခုနှစ် မှာ လစ်ဗျားနိုင်ငံကို ပထမဆုံး အသုံးပြုခဲ့ပါတယ်။ နောက် ၂၀၁၁မှာ Ivory Coast, ရီမန် နဲ့ ဆူဒန်နိုင်ငံ, ၂၀၁၂ မှာ လစ်ဗျားကို ဒုတိယအကြိမ်နဲ့ ၂၀၁၃မှာ Central African Republic နိုင်ငံတွေမှာ သုံးခဲ့ပါတယ်။

မြန်မာကို R2Pဝင်မယ်ဆိုရင် လုံခြုံရေးကောင်စီကို အရင်တင်ရမှာဖြစ်ပြီး အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံ ဖြစ်တဲ့ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်၊ အမေရိကန် ထဲက တစ်နိုင်ငံက ဗီတိုအာဏာသုံးပြီး ပယ်ချမယ်ဆိုရင် ရှေ့ဆက်ပြီး လုပ်ဆောင်နိုင်မယ် မဟုတ်ပါဘူး။

R2P ကို ကြည့်ရင် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ နဲ့ လူ့အခွင့်အရေးတို့ အားပြိုင်တဲ့ သဘောကို တွေ့ရှိရပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ R2P ဆုံးဖြတ်ချက်ဟာ မြန်မာ့ နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ သူရဲကောင်းပြည်သူတွေရဲ့ ပေးဆပ်မှုတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုပဲ ဖြစ်ပါတော့တယ်။
Sai Thiha
Sai Thiha says:
2021-05-23 03:11

R2P နဲ့ ပတ်သက်တဲ့ ဒီဆောင်းပါးက ရှင်းးရှင်းလင်းလင်းမရှိပါ။ ကျွန်တော့်မေးခွန်းက "အဖွဲ့ဝင် ၅နိုင်ငံပါ တစ်န်ုင်ငံမှ ကန့်ကွက်ရင် R2P ဝင်လို့မရနိုင်တဲ့ အခြေအနေကနေ အဖွဲ့ဝင်နိုင်ငံများစွာတွေရဲ့အများစုမဲနဲ့ ဆုံးဖြတ်နိုင်တဲ့ အခြေအနေသို့ ပြောင်းသွားပြီလား?" မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့မေးခွန်းပါ။ ပြန်လည်၍ ရှင်းလင်းပေးရန် မေတ္တာရပ်ခံပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့