မြန်မာ့သမိုင်းမှာ အဆိုးဆုံး ၂၀၂၁ စစ်အာဏာသိမ်းမှု

2022.01.27
Share on WhatsApp
Share on WhatsApp
မြန်မာ့သမိုင်းမှာ အဆိုးဆုံး ၂၀၂၁ စစ်အာဏာသိမ်းမှု ရန်ကုန်မြို့မှာ စစ်တပ်က ပစ်သတ်တာကြောင့် သေဆုံးသွားတဲ့ ဆန္ဒပြဆေးကျောင်းသား မောင်ခန့်ငြားဟိန်းရဲ့ နာရေးကို လိုက်ပို့သူတွေ လက်သုံးချောင်းထောင် ဆန္ဒပြနေတာကို ၂၀၂၁ မတ်လ ၁၆ ရက်နေ့က တွေ့ရစဥ်
AFP Photo

စစ်အာဏာသိမ်းမှုဒဏ်ကို သုံးကြိမ်တိတိ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေ စတင်ပေါ်ထွက်လာစေတဲ့ အဓိကအကြောင်းအရင်းတွေဟာ ၁၉၄၈ နဲ့ ၁၉၅၈ အကြား ကာလတွေမှာ ပြည်တွင်းစစ်ဖြစ်တာ ၁၉၆၂ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ် နေဝင်းရဲ့ ဆိုရှယ်လစ်ပါတီက တပ်မတော်ကို လွှမ်းမိုးနိုင်ခဲ့တာနဲ့ ဖ.ဆ.ပ.လ ပါတီ နှစ်ခြမ်းကွဲသွားတာတွေက  အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

အဲဒီအချိန်ကတည်းက စတင်လိုက်တဲ့ စစ်အာဏာရှင်စနစ်ဆိုးဟာ အခု နှစ်ပေါင်း ၆၀ နီးပါးကြာတဲ့အထိ အမြစ်တွယ်လာတာလို့ ဆိုကြပါတယ်။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းလိုက်တာဟာ ရှမ်းလူမျိုးတွေ ခွဲထွက်တော့ မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လုပ်ခဲ့တာလို့ ၁၉၆၂ စစ်အာဏာသိမ်းမှုကို သိမှီခဲ့တဲ့ KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

 ၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးပဲလေ၊ အဲဒီကိစ္စနဲ့ ရှမ်းတွေက ခေါင်းဆောင် ပြီးမှ ၄၇ ခုနှစ်ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့၊ အဲဒီအချိန်မှာပဲ သူတို့က ဖက်ဒရယ်မူကို တင် လိုက်တာကိုး။ ဖက်ဒရယ်ဟာ ခွဲထွက်ရေးဆိုတဲ့ဟာကို အကြောင်းပြပြီးတော့မှ ရှမ်း တွေဟာ ခွဲထွက်တော့မယ် အကြောင်းပြပြီးလုပ်တာပဲ။ ၆၂ ခုနှစ် မတ်လ ရက်နေ့ ညမှာပေါ့ အဲဒီကစဖမ်းတာ၊ စစ်တပ်ကနေ အစီအစဉ်ရှိရှိနဲ့ အကုန်လုံးကို လွှတ်တော် အမတ်တွေရော ဝန်ကြီးတွေရော အကုန်လုံးကို ဖမ်းပြီးမှ မတ်လ ရက်နေ့ မနက်လင်း တဲ့အခါ ကြေညာလိုက်တာပဲ အာဏာသိမ်းတယ်လို့။ ကျန်တဲ့လူတွေကိုတော့ ၄/ရက် နေတော့ ပြန်လွှတ်ကြတာတွေရှိတယ်။ ကချင်တို့ ကရင်တို့ ကျန်တဲ့ဗမာအမတ်တချို့တို့ ပြန်လွှတ်လိုက်တာရှိတယ်။ တော်တော်ကိုရက်ရက်စက်စက်လုပ်တာက အဲဒီရှမ်းတွေဗျ။ ရှမ်းစော်ဘွားတွေကိုကျတော့ ရက်ရက်စက်စက်ပဲ နောက်ဆုံးတော့ ထောင်ထဲမှာပဲ သူတို့ သေကုန်ကြတာ။ ၆၂ ကတော့ စနစ်တကျနဲ့ကို ဖက်ဒရယ်ဟာ ခွဲထွက်ရေးဆိုတာ အကြောင်းပြပြီးမှ အာဏာသိမ်းလိုက်တာ။ အဲမှာ ဆူပူအုံကြွမှုက လူထုတွေက ဘာမှ မလုပ်ကြဘူး၊ မလုပ်ကြရတဲ့အကြောင်းက အရပ်သားအစိုးရကလည်း ပြောရမယ်ဆိုရင် ဖ.ဆ.ပ.က နှစ်ပိုင်းကွဲနေတာ တည်မြဲနဲ့ သန့်ရှင်းကကွဲနေတော့ အဲဒါကို လူထု ကလည်း တော်တော်စိတ်ညစ်နေတဲ့အချိန်ဗျ။ စစ်တပ်က အာဏာသိမ်းလိုက်တော့ လူထုလှုပ်ရှားမှု ဘာမှသိပ်မရှိဘူးဗျ။ နိုင်ငံရေးသမားတွေလှုပ်ရှားမှုကလည်း နည်းနည်း ပါးပါးပဲရှိတယ်”

အဲဒီအချိန်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရက ဆိုရှယ်လစ်လမ်းစဉ် ဆိုတဲ့အကြောင်းပြချက်နဲ့ တစ်နိုင်ငံလုံးက ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းကြီးတွေကို ပြည်သူပိုင် သိမ်းလိုက်ချိန်မှာတော့ ပြည်သူအားလုံး အတိဒုက္ခ ရောက်ခဲ့ရတယ်လို့လည်း ပဒိုစောသမိန်ထွန်းက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်စတင်တဲ့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့က စတင်ခဲ့တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

 ဗမာပြည်ရဲ့ ဒုက္ခအဖုံဖုံဟာ ဒီအာဏာရှင်စနစ်စတင်တဲ့ ၁၉၆၂  မတ်လ ရက်နေ့ ကစတာ။ အဲဒါကနေ တဖြည်းဖြည်းသန္ဓေတည်ပြီး ပိုပိုဆိုးလာတာဖြစ်တယ်။ ဒီ အဆက်ဆက်က ၂၀၂၁  စစ်အာဏာသိမ်းပွဲကို အဆိုးဆုံးလို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ တော်လှန်ရေးတစ်ရပ်ဟာ ကျမတို့နိုင်မှာ မုချပဲ၊ ပြည်သူလူထု မုချနိုင်မှာပဲ။ ပြည်သူလူထုမကြိုက်တဲ့အစိုးရဆိုတာ ဘယ်တော့မှကြာကြာမခံဘူး။ ၆၂ တုန်းက ဗိုလ်နေဝင်းတို့ရဲ့ စစ်အာဏာရှင်စနစ် ဘာဖြစ်လို့နိုင်ရသလဲဆိုတော့ နိုင်ငံတကာရဲ့ ထောက်ခံမှုရလို့ဗျ၊ အခုက နိုင်ငံတကာကလည်း မထောက်ခံတော့ဘူး ပြည်သူလူထု ကလည်း မထောက်ခံဘူး၊ တခြားမကြည့်နဲ့ ၈၈ တုန်းက နဝတ တို့ နအဖတို့တုန်းက တရုတ်က ပစ်ထောက်ခံခဲ့သေးတာပဲအခုဒီမှာကြည့် တရုတ်တို့ ရုရှားတို့က ဟန် လောက်ပဲရှိတော့တာ”

၁၉၆၂ အာဏာသိမ်းမှုနဲ့ နှိုင်းယှဥ်ရင် ကျောင်းသားနဲ့ ပြည်သူအများကြီး သေဆုံးခဲ့ရတဲ့ ၁၉၈၈ အာဏာသိမ်းမှုက ပိုဆိုးတယ်လို့  ဝါရင့်နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ဒေါက်တာ လှကျော်ဇောနဲ့ ပဒိုစောသမိန်ထွန်း တို့နှစ်ဦးစလုံးက သုံးသပ်ပြောဆိုကြပါတယ်။

အခု ၂၀၂၁ အာဏာသိမ်းမှုမှာ အာဏာရှင်စနစ် မုချကျဆုံးမှာဖြစ်ပေမယ့် စစ်အာဏာရှင်ကို တော်လှန်တဲ့အဖွဲ့တိုင်း အားလုံးပူးပေါင်းလုပ်ဆောင်ဖို့က အဓိကလိုအပ်ချက်ဖြစ်တယ်လို့ လည်း ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။

ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ၇ နှစ်အကြာ ၁၉၆၉ ခုနှစ်မှာ အာဏာရှင် ဦးနေဝင်းနဲ့ မဆလပါတီကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ တဖြည်းဖြည်းစတင်လာပြီး အဲဒီ ကနေမှ ရှစ်လေးလုံး လူထုအုံကြွမှုအထိ ဖြစ်ခဲ့ပြီး ၁၉၈၈ မှာ ဒုတိယအကြိမ် စစ်အာဏာ သိမ်းမှုကို မြန်မာပြည်သူတွေ ကြုံတွေ့ခဲ့ရတာပါ။

၁၉၈၈ အာဏာသိမ်းမှုအတွင်း မြန်မာနိုင်ငံတစ်ဝန်းက ခုခံဆန့်ကျင်သူ ၃၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်ပမီဒီယာတချို့က ရေးသားဖော်ပြခဲ့ပေမဲ့ အဲဒီအချိန်က တစ်နိုင်ငံလုံး သတင်းအမှောင်ချ ခံထားရတာကြောင့် သေဆုံးသူအရေအတွက် အတိအကျကို အခုချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

၁၉၈၈ အာဏာသိမ်းမှုအပြီးမှာလည်း စစ်အာဏာသိမ်းမှုတွေရဲ့ ဆိုးကျိုးအဖြစ် မြန်မာ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ ကဏ္ဍမျိုးစုံဟာ နောက်ကျကျန်ရစ်ခဲ့တယ်လို့  ၈၈ လူထု လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်း က ပြောပါတယ်။

 ၈၈ အနေအထားမှာတော့ အာဏာက လေဟာနယ်ဖြစ်သွားတယ်ဗျ။ တိုင်းပြည်က မဆလပါတီလည်း မရှိတော့ဘူး။ ဘယ်သူမှ ဆက်မအုပ်ချုပ်တဲ့အနေအထားမှာ စစ်တပ် ကဝင်လာတဲ့ အနေအထားပေါ့၊ ဘာတွေဖြစ်သွားလဲဆို စီးပွားရေးတစ်ခုလုံးမှာ Crony Economy ပေါ့ဗျာ လူနည်းစုကနေ လက်ဝါးကြီးလုပ်တဲ့ စီးပွားရေးမျိုး ပေါ်လာတယ်၊ နောက်တစ်ခုကတော့ စစ်တပ်က ချုပ်ကိုင်တဲ့ စီးပွားရေးပေါ့ ဦးပိုင်တို့ MPC တို့ ဒီလို စီးပွားရေးစနစ်မျိုးတွေ ပေါ်လာတယ်၊ အဲဒီနောက်ပိုင်းမှာ Ceasefire ပေါ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်လိုက်တဲ့အခါကျတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ် အစိုးရကြားထဲမှာ ဝေမျှစားတဲ့ဟာမျိုးပေါ့ဗျာ ကိုယ့်နယ်မြေကိုယ်ထိန်းထား စီးပွားရေး ကြိုက်တာလုပ်ဆိုတဲ့ ဒါမျိုးတွေလည်း ပေါ်လာတာပေါ့၊ နိုင်ငံရေးအပိုင်းမှာတော့ Potential ပေါ့ တိုးတက်နိုင်မယ့် အလားအလာတွေ အများကြီး နောက်ဆုတ်သွားတယ်။ နောက်တစ်ခါ တိုင်းပြည်အတွက်လိုအပ်တဲ့ Institution ပေါ့ ဒီလိုအဆောက်အအုံစနစ် မျိုးတွေက တော်တော်ကြီးနောက်ဆုတ်သွားတဲ့ အနေအထားပေါ့ ဒါသိသိသာသာပေါ့ ”

စစ်အာဏာသိမ်းမှုဆိုတာဟာ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး မကောင်းတဲ့ မဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး၊ အချိန်တိုတိုနဲ့ အရပ်သားအုပ်ချုပ်ရေးဘက်ကို ပြန်မသွား နိုင်ရင် စီးပွားရေးပိတ်ဆို့မှု အပါအဝင် ဘက်ပေါင်းစုံပြဿနာတွေနဲ့ ရင်ဆိုင်ရလေ့ရှိတယ်လို့ လည်း ဦးအောင်သူငြိမ်းက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဥ်
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဥ်

၁၉၆၂၊ ၁၉၈၈၊ ၂၀၂၁ အာဏာသိမ်းမှု သုံးကြိမ်ကို လေ့လာကြည့်ရင် တစ်ကြိမ်ထက် တစ်ကြိမ် ပိုဆိုးလာတာကို တွေ့ရတယ်လို့ အာဏာသိမ်း ခေတ်သုံးခေတ်ကို သိမှီခဲ့တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံအတွက် အဆိုးဆုံးကတော့ ရှစ်လေးလုံးပေါ့ဗျာ။ ၆၂  ဗမာပြည်ရဲ့ အခြေအနေက အတော်လေးကောင်းတယ်။ အရှေ့တောင်အာရှမှာ တော်တော်လေး ရှေ့တန်းရောက်တဲ့ အနေအထားပေါ့။ ၈၈ ရောက်တဲ့အခါကျတော့ ဗမာပြည်က အဆင်းရဲဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂဆီကနေ အသနားခံရတဲ့အဆင့်၊ LDC နိုင်ငံအထိ ရောက်သွားပြီလေ၊ ဆန္ဒပြပြည်သူလူထုကို ပစ်ခတ်တာကတော့ စာရင်းဇယားကတော့ မရှိဘူးဗျ နိုင်ငံတကာက ခန့်မှန်းချက်အရတော့ ထောင်ချီတယ်လို့တော့ ပြောတာပေါ့။ အခုတတိယအကြိမ် အာဏာသိမ်းပွဲကတော့ လက်နက်မဲ့ဆန္ဒပြပွဲတွေ CDM လှုပ်ရှားမှု တွေကိုဖြိုခွဲတာ၊ ကျောင်းသားလူငယ်တွေကို သတ်ဖြတ်တာ၊ အဲဒီကနေပြီးတော့ ခုခံရေးစစ်ပွဲတွေဖြစ်လာတဲ့အခါမှာ ကျေးလက်တွေကို နှိပ်စက်တာ ပြည်သူတွေကို သတ်ဖြတ်တာ၊ မီးရှို့တာ၊ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်တာ၊ အဲတော့ ဒီတစ်ခါကတော့ ပြည်သူလူထုအပေါ်မှာ အရက်စက်ဆုံးနည်းတွေနဲ့ လူထုကို ဖိနှိပ်တာ”

စစ်အာဏာရှင်အုပ်ချုပ်နေသရွေ့ ဒီမိုကရေစီမရနိုင်ဘူး၊ လူ့အခွင့်အရေးမရနိုင်ဘူး၊ ဖက်ဒရယ်အခွင့်အရေးမရနိုင်ဘူး ဆိုတဲ့အချက်တွေကို လက်ရှိလူထုဟာ သဘောထား ရှင်းလင်းပြတ်သားသွားပြီလို့လည်း သူက ဆိုပါတယ်။

 စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဆိုးရွားဆုံး အခြေအနေဖြစ်အောင် လုပ်နေတဲ့သူတွေက ဘယ်သူတွေလဲလို့ မေးခွန်းထုတ်ပြီး တုံ့ပြန် ပါတယ်။

 အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံရတယ်ဆိုတာ ကျနော်ပြန်မေးချင်တာ သူတို့က ဘာကို အဆိုးရွားဆုံး အခြေအနေလို့ ကြည့်ပြီးပြောတာလဲလို့ ပြောချင်တယ်။ တစ်ချိန်က ၁၉၈၈  အရေးအခင်းတုန်းကလည်း ဘယ်လိုဖြစ်ခဲ့လဲ၊ ရန်ကုန်မြို့ပေါ်မှာတောင်မှ ခေါင်း ဖြတ်သတ်တဲ့ကိစ္စမျိုးတွေ ဖြစ်ခဲ့တယ်။ အခုအချိန်မှာတော့ သတင်းမီဒီယာများနဲ့ အွန် လိုင်းပေါ်ကနေ လှုံ့ဆော်သူများကြောင့် ပိုပြီးတော့ နိုင်ငံ့ရဲ့ပုံရိပ်ကို ကျဆင်းစေတာပဲ ရှိပါတယ်။ ဆိုးရွားအောင်လုပ်နေတဲ့သူတွေက ဘယ်သူလဲ၊ ဆိုးရွားအောင် တကယ်ဖြစ် အောင် နိုင်ငံကို အလုံးစုံပျက်သုဉ်းရေးလုပ်နေတဲ့သူတွေက ဘယ်သူလဲဆိုတဲ့ မေးခွန်း ကိုပါ ကျနော်ပြန်ထုတ်ချင်ပါတယ်”

လက်ရှိအချိန်မှာ အဆိုးရွားဆုံးဖြစ်စဉ်ဟာ မဲ မသမာမှုဖြစ်စဉ်ပေါင်း ၁၁ သန်းကျော်ရှိတဲ့ ကိစ္စသာဖြစ်ပြီး၊  ဒါတွေကို ဒီအတိုင်းကြည့်နေရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်နဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဟာ မဲမသမာမှုရှိတဲ့ မင်းမဲ့စရိုက်ဒီမိုကရေစီပဲ ဖြစ်လာ နိုင်တာကြောင့် ထိန်းသိမ်းရတာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသွားပါတယ်။

"အာဏာရှင်တွေအားလုံးဟာ စရိုက်အတူတူပဲ၊ ဘယ်သူပဲဖြစ်နေ ဖြစ်နေ အာဏာရှင်တွေဟာ တစ်ယောက်မှ မကောင်းပါဘူး"

စစ်ကောင်စီဘက်က မဲ မသမာမှုကို အကြောင်းပြပြီး နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချ အာဏာသိမ်း ထားပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတယ်ဆိုတဲ့အချက်ကို နိုင်ငံတကာ အစိုးရတွေ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ အပါအဝင် တစ်နိုင်ငံ လုံးက လက်မခံကြပါဘူး။

အာဏာရှင်တိုင်းက လုပ်ပုံလုပ်နည်း မတူတာကလွဲပြီး ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ် တာကတော့ အတူတူပဲဖြစ်တယ်လို့ တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုက ကိုဇေယျာလွင် က RFA ကိုပြောပါတယ်။

 အာဏာရှင်တွေအားလုံးကတော့ သူ့နည်းသူ့အဖုံဖုံနဲ့တော့ ဆိုးသွမ်းခဲ့ကြတာချည်းပဲ၊ ပြည်သူလူထုအပေါ်မှာ ညှဥ်းပန်းနှိပ်စက်ခဲ့ကြတာချည်းပဲလို့ ကျနော်မြင်တယ်၊ လုပ်ပုံ ကိုင်ပုံနဲ့ ခေတ်စနစ်အခြေအနေအရတော့ သူတို့ကိုင်တွယ်ပုံတွေက မတူညီဘူးလို့ ကျနော်ပြောချင်တယ်၊ ၆၂ တုန်းကလည်း ဦးနေဝင်းက ကျနော်တို့ ကျောင်းသားတွေကို 7 July မှာ ပစ်သတ်ခဲ့တာပဲ၊ ကျတော်တို့ သမဂ္ဂအဆောက်အအုံကို ဗုံးခွဲခဲ့တာပဲ၊ ၈၈ မှာဆိုရင် လည်းလူထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ကြတာပဲ၊ ဘဝတွေပျက်ခဲ့ ကြတာပဲ၊ အတူတူချည်းပဲ အကုန်လုံးအာဏာရှင်တွေကတော့၊ အခု ၂၁ မှာဆိုရင်လည်း အကုန်လုံးဒီပုံစံပဲလမ်းပေါ်ထွက်တဲ့ မိဘပြည်သူတွေကို ပစ်တယ် ရိုက်တယ် ထောင် ထဲထည့် ညှဉ်းပန်းနှိပ်စက်တယ် စစ်ကြောရေးမှာ သတ်ဖြတ်တယ် နည်းပေါင်းစုံ ကျနော်တို့မမျှော်မှန်းထားတဲ့ နှိပ်စက်မှုမျိုးစုံနဲ့ကို ပိုပြီးတော့လုပ်နေတာ၊ အာဏာရှင် တွေအားလုံးဟာ စရိုက်အတူတူပဲ၊ ဘယ်သူပဲဖြစ်နေဖြစ်နေ အာဏာရှင် တွေဟာ တစ်ယောက်မှ မကောင်းပါဘူး”

အာဏာရှင်နွံကနေ အပြီးတိုင် ရုန်းထွက်နိုင်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေး၊ မြေပြင်ဆန္ဒပြမှုနဲ့ အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှု ဒီထောက်တိုင် သုံးခုကို ပြည်သူအားလုံး ဝိုင်းဝန်းထောက်ပံ့ကြဖို့ အရေးကြီးတယ်လို့လည်း ကိုဇေယျာလွင် က ဆိုပါတယ်။

၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံး မြန်မာနိုင်ငံက ထွက်ခွာ သွားသလိုပဲ လက်ရှိ ၂၀၂၁ အာဏာသိမ်းမှုအပြီးမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်ခွာ နေတဲ့အပြင်၊  ပညာရေး ကျန်းမာရေး စတဲ့ ကဏ္ဍပေါင်းစုံ အနိမ့်ကျဆုံး အခြေအနေကို ရောက်နေပြီလို့လည်း ကိုဇေယျာလွင် က ထောက်ပြပြောဆိုသွားပါတယ်။

(စစ်ကိုင်းတိုင်း ကလေးမြို့မှာ ၂၀၂၁ မတ်လ ၂ ရက်နေ့က စစ်တပ်က မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းနေတာကို ဆန္ဒပြသူတွေ ခုခံကာကွယ်နေစဥ်) AFP Photo
(စစ်ကိုင်းတိုင်း ကလေးမြို့မှာ ၂၀၂၁ မတ်လ ၂ ရက်နေ့က စစ်တပ်က မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းနေတာကို ဆန္ဒပြသူတွေ ခုခံကာကွယ်နေစဥ်) AFP Photo

တက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုပိုင်ရဲသူ ကလည်း အခုတစ်ကြိမ် အာဏာ သိမ်းပြီးတဲ့နောက်မှာ အရင် ၁၀ နှစ်နီးပါး ရရှိခံစားခဲ့ရတဲ့ ဒီမိုကရေစီအခွင့်အရေးတွေ လုံးဝပျက်သုဥ်းပြီး လုံခြုံမှုကင်းမဲ့တဲ့ အရင်အခြေအနေမျိုးကို ပြန်ရောက်သွားပြီလို့ RFA ကို ပြောပါတယ်။

မင်းအောင်လှိုင် အာဏာသိမ်းတာ ပိုဆိုးတယ်လို့ပဲ ကျနော်သုံးသပ်ရတယ်။ ဘာဖြစ် လို့လဲဆိုတော့ အရင်တုန်းက အခြေအနေတွေကို ပြန်ကြုံရတဲ့အနေအထားတွေကို တွေ့ရတယ်။ အရင်တုန်းကဆိုရင် ဦးခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးကို ကြောက်ရတယ်။ တစ်ခုခုဆိုရင် မပြောရဲမဆိုရဲ မဝေဖန်ရဲနဲ့ပေါ့၊ တစ်ခုခုဆို သူတို့ပြောသမျှခံ၊ ဒီအိမ်ရှေ့ မှာ မီးချိတ် မီးကဒ်ပေါ့ တပ်ဆိုလည်းတပ်၊ တစ်အိမ်တစ်ယောက် မဖြစ်မနေ မြောင်းဖော် ဆိုလည်းဖော်၊ အဓိကကတော့ သူတို့ရဲ့အမိန့်တွေ ညွှန်ကြားချက်တွေအောက်မှာ ကြီးပြင်းလာတဲ့လူအဖို့မှာ အဲလိုမျိုးခံစားချက်မျိုးကို အခု ဒီအာဏာသိမ်းပြီးနောက်ပိုင်း မှာ ပြန်လည်ခံစားရတယ်ပေါ့။ အဓိကကတော့ စားဝတ်နေရေးပေါ့ စားရေးနေရေးတွေ ကျပ်တည်းသွားတယ်။ ပြီးရင် အမိန့်တွေ ညွှန်ကြားချက်တွေ ကြောက်လန့်မှုတွေ ဆုတ်ယုတ်မှုတွေ ထိတ်လန့်မှုတွေနဲ့ ပြန်ပြီးနေရတဲ့ အနေအထားဖြစ်တယ်။ ကိုယ့် ဘေးနားကလူတောင် ကိုယ်မယုံရတဲ့ အနေအထားအခုဖြစ်လာတယ်”

လက်ရှိအခြေအနေဟာ ဘယ်လောက်ပဲဆိုးဆိုး မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ဒီအကြိမ်နောက်ဆုံးဖြစ်ရမယ်လို့တော့ သူယုံကြည်ထားတယ်လို့ ကိုပိုင်ရဲသူ က ဆိုပါတယ်။

မဲမသာမှုကိုအကြောင်းပြပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာ သိမ်းလိုက်တာကြောင့် အခု လာမယ့် ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တစ်နှစ်တင်းတင်း ပြည့်တော့မှာပါ။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇန်နဝါရီ ၂၆ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း ရဲနဲ့စစ်တပ်ရဲ့ ဖိနှိပ် သတ်ဖြတ်မှုေကြောင့် သေဆုံးသူ ၁၄၉၄ ဦးနဲ့ အဖမ်းခံထားရသူ ၁၁၇၇၆ ဦး ရှိနေပါတယ်။

ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်းနဲ့  စစ်ကိုင်းတိုင်းတို့မှာ လက်နက်ကိုင် ခုခံမှုတွေ မြင့်တက်နေပြီး ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ဒီလှုပ်ရှားမှုတွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေကို မြန်မာ ပြည်သူတွေ နေ့စဥ်နီးပါး ရင်ဆိုင်ဖြတ်သန်းနေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့