ပွင့်လင်းရာသီမှာ စစ်ရေးပိုပြင်းထန်နိုင်

RFA Burmese
2024.10.23
ပွင့်လင်းရာသီမှာ စစ်ရေးပိုပြင်းထန်နိုင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် လားရှိုးမြို့ အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဥ်။
Facebook/Saw Nay Wai Soe

မကြာခင်ရောက်တော့မဲ့ ပွင့်လင်းရာသီမှာ နိုင်ငံတစ်ဝန်း စစ်ရေးပိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

"ကျွန်တော်တို့ ပွင့်လင်းရာသီမှာ ပိုပြီးတော့ တိုက်ပွဲဖော်ဆောင်မှုတွေ ပိုပြီးလုပ်လာနိုင်ပါတယ်ဗျ”

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာနိုင်သလို၊ တော်လှန်ရေးအဖွဲ့တွေကလည်း နယ်မြေသိမ်းတိုက်ပွဲတွေ ပိုရှိလာမယ်လို့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်သူတွေ နေထိုင်တဲ့ကျေးရွာတွေကိုပဲ သူတို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာတွေက ဆက်တိုက်ပြုလုပ်လာနိုင်ချေ ရှိတယ်ပေါ့နော်။ ကိုယ့်ဘက်က တော်လှန်ရေး တပ်စိတ်တွေကလည်း နောက်ထပ်ပွင့်လင်းရာသီ ရောက်ပြီဆိုတာနဲ့ ထပ်ပြီးတော့လည်း ကျွန်တော်တို့ စစ်ကိုင်းတိုင်းအတွင်းမှာ ဆိုရင်ပေါ့နော် ဒီအကြမ်းဖက် စစ်ကောင်စီ စိုးမိုးထားတဲ့ နေရာအသီးသီးကိုလည်း ကိုယ့်ဘက်က တော်လှန်ရေး တပ်စိပ်တွေကလည်း ထပ်ပြီးတော့ သိမ်းပိုက်နိုင်ချေရှိပါတယ်”

လက်ရှိကာလမှာလည်း မြန်မာနိုင်ငံရဲ့ မြို့ ခုနစ်ဆယ်ရာခိုင်နှုန်းမှာ တိုက်ပွဲဖြစ်နေတယ်လို့ မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ အောက်တိုဘာ ၃ ရက်နေ့ ထုတ်ပြန်ချက် မှာဖော်ပြပါတယ်။

ဒီအတောအတွင်းမှာပဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေဟာ အောက်တိုဘာ ၈ ရက်နေ့က ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

မြို့ပေါင်း ငါးဆယ်ရှိတဲ့ စစ်ကိုင်းတိုင်းမှာ ခါမ်းပါတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ မော်လူးနဲ့ ပင်လည်ဘူး စတဲ့ ငါးမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီး စစ်ကောင်စီကလည်း အဲဒီဆုံးရှုံးနယ်မြေတွေကို လေကြောင်းနဲ့ မကြာခဏသွားပြီး တိုက်ခိုက်နေပါတယ်။

မန္တလေးတိုင်းမှာလည်း လာမဲ့ ပွင့်လင်းရာသီမှာ စစ်ရေးပိုပြင်းထန်လာဖို့ရှိတယ်လို့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီကနောက်ပိုင်း စစ်ရေးအခြေအနေနဲ့ ပတ်သက်တဲ့ဟာကတော့ ပွင့်လင်းအခု ရှေ့ဆက်ပြီးတော့ တော်တော်များများ ဖြစ်လာနိုင်တဲ့ အကြောင်းတရားကတော့ ပိုပြီးပြင်းထန်လာနိုင်တဲ့ သဘောတရားတော့ရှိတယ်။ နေရာပေါင်းစုံ ၊ ဘက်ပေါင်းစုံက ပြင်းထန်လာဖို့ကတော့ သေချာသလောက်ဖြစ်သွားပြီ”

မန္တလေးတိုင်းမှာ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ တကောင်းမြို့တွေကို ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေကသိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီကလည်းအဲဒီနယ်တွေမှာ မကြာခဏ လေကြောင်းကနေတိုက်ခိုက်နေပါတယ်။

မကွေးတိုင်းမှာလည်း မိုးရာသီမှာ လမ်းပန်းဆက်သွယ်ရေးကြောင့် ရပ်နားထားတဲ့ တိုက်ပွဲတွေကို ပွင့်လင်းရာသီမှာ ပိုလုပ်လာနိုင်တယ်လို့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အခုတချို့သော တိုက်ပွဲဖော်ဆောင်မှုတွေဟာ ဒီမိုးရာသီ ဒီဘက်မှာ ရေကြီးရေလျှံတာတွေကြောင့် ကျွန်တော် တို့ရပ်နားထားရတာ ရှိတယ်။ နောက် ဒီလမ်းပန်းဆက်သွယ်ရေး အနေအထားတွေကြောင့် ကျွန်တော်တို့ ရပ်နားထားရတဲ့ အနေအထားတွေ ရှိပါတယ်ဗျ။ ကျွန်တော်တို့ ပွင့်လင်းရာသီမှာ ပိုပြီးတော့ တိုက်ပွဲဖော်ဆောင်မှုတွေ ပိုပြီးလုပ်လာနိုင်ပါတယ်ဗျ”

လာမဲ့ပွင့်လင်းရာသီ စစ်ရေးပြင်ဆင်မှု အခြေအနေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ အာရက္ခတပ်တော် (AA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လတ်တလောမှာ အကြောင်းမပြန်သေးပါဘူး။


ဆက်နွှယ်သောသတင်းများ

မြန်မာ့ပြည်တွင်းစစ်နဲ့ ဖက်ဒရယ်အနာဂတ်

လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အရပ်သား ၄၅၀ ကျော် သေဆုံး

နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ခြောက်သန်းခွဲကျော် ရှိလာကြောင်း ISP Myanmar ထုတ်ပြန်


ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီကတော့ လာမဲ့ ပွင့်လင်းရာသီမှာ စစ်ရေးကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားဖို့ရှိတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ စစ်အာဏာရှင် အမြစ်ပြတ်ဖြုတ်ချရေးဆိုတဲ့ ရပ်တည်ချက် မပြောင်းသရွေ့ စစ်ရေးကတော့ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ဆက်လက်ပြီးတော့ ပြင်ဆင်ထားဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဆိုတော့ ဒီပွင့်လင်းရာသီမှာလည်း ထိုနည်းလည်းကောင်းပဲ ဒီ့ထက်ပိုပြီးတော့ ကျွန်တော်တို့ စစ်ရေးကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့ပဲရှိပါတယ်”

စစ်ကောင်စီဘက်တော့ သိမ်းပိုက်ခံရတဲ့ နယ်မြေတွေပြန်ရအောင် လိုအပ်သလို တုံ့ပြန်သွားမယ်လို့ စက်တင်ဘာလဆန်းမှာ စစ်ခေါင်းဆောင် ပြောဆိုလိုက်တဲ့နောက် လေကြောင်းတိုက်ခိုက်တာတွေ သိသိသာသာ အရှိန်မြှင့်လာပါတယ်။

စစ်ကောင်စီအနေနဲ့ ကြည်းတပ်ထက် လေတပ်ကိုအားပြုပြီး စစ်ရေးမြှင့်လာနိုင်တယ်လို့ အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

“ပွင့်လင်းရာသီမှာတော့ သူတို့ (စစ်ကောင်စီ) မှာ လုံလောက်တဲ့ စုဖွဲ့မှုမရှိသေးဘူး။ ကျွန်တော်တော့ မြင်တယ် ဒီ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ သူတို့တွေ မြေပြင်ထိုးစစ်ဆင်နိုင်တဲ့ အနေအထားမျိုးတော့ မရှိသေးဘူးဗျ။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပဲ သူတို့တိုက်ပွဲကို အရှိန်တက်အောင်ပေါ့နော် ထိုးစစ်အရှိန်တက်အောင် ဆက်တိုက်လုပ်လာမယ်”

စစ်ကောင်စီက လေကြောင်းနဲ့ ဆက်တိုက်နေရင်၊ တော်လှန်ရေးအင်အားစုတွေ ပိုညီညွတ်ပြီး အဆုံးအဖြတ်တိုက်ပွဲတွေ ပေါ်လာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“လေကြောင်းထိုးစစ်ကို အသုံးပြုပြီးတော့ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ်မှာ ဆက်ပြီးတော့ အပြင်းအထန်တိုက်ခိုက်နေမယ်ဆိုရင် ဒီတော်လှန်ရေးအင်အားစုတွေ ပိုပြီးညီညွတ်ပြီးတော့ အခုနေချိန်မှာ ရပ်ဆိုင်းနေတဲ့ ရှမ်း-မန်း စစ်ဆင်ရေး ဆက်ပြီးတော့ အကောင်အထည် ဖော်သွားကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီစစ်အာဏာရှင်စနစ်နဲ့ ကျွန်တော်တို့ ဒီမိုကရေစီ ဖက်ဒရယ်အင်အားစုတွေကြား အဆုံးအဖြတ်တိုက်ပွဲဟာ ဒီပွင့်လင်းရာသီမှာ ပေါ်မယ်လို့ ကျွန်တော်တို့က ယူဆပါတယ်”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကလည်း လာမဲ့ပွင့်လင်းရာသီမှာ နှစ်ဖက်လုံးက စစ်ရေးမြှင့်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

လားရှိုးမြို့နယ် အီနိုင်းကျေးရွာအား စစ်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်က ဗုံးကြဲခဲ့စဉ်။ (လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဓာတ်ပုံ)
လားရှိုးမြို့နယ် အီနိုင်းကျေးရွာအား စစ်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်က ဗုံးကြဲခဲ့စဉ်။ (လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဓာတ်ပုံ)

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာ ဖြစ်တာကြောင့် လက်နက်ကိုင် တောင်းဆိုတာတွေကို လိုက်လျောဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အောက်တိုဘာ ၁၅ ရက်နေ့က ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အောက်တိုဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၃၂၁ ကြိမ်လုပ်ခဲ့ပြီး သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်အထိ သုံးနှစ်ကျော်အတွင်း မြန်မာပြည်အနှံ့မှာ တိုက်ပွဲပေါင်း ၁၇,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး၊ စစ်ဘေးဒုက္ခသည် ၆.၅ သန်း ကျော် ရှိလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။