နမ့်လန်ရောက် လားရှိုးစစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေး

RFA Burmese
2024.08.08
နမ့်လန်ရောက် လားရှိုးစစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေး လားရှိုးတိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များကို နမ့်လန်မြို့ရှိ နေရာတချို့တွင် ခိုလှုံနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၃ ရက်နေ့က စဖြစ်တဲ့ တိုက်ပွဲကြောင့် မြို့ခံနှစ်သိန်းကျော်ဟာ အနီးဆုံး နမ့်လန်မြို့အပါအဝင် ဘေးလွတ်ရာမြို့တွေကို ထွက်ပြေးခဲ့ကြရပါတယ်။

မိုးတွင်းဖြစ်တဲ့အပြင် တံတားအချို့ပါ ဖျက်ဆီးခံထားရတာကြောင့် သုံးနာရီသာကြာတဲ့ နမ့်လန်မြို့ကို နှစ်ရက်၊ သုံးရက်ကြာအောင် တောလမ်းကနေ ခက်ခက်ခဲခဲ ထွက်ပြေးခဲ့ကြရတာပါ။ ကားနဲ့ ဆိုင်ကယ် မရှိတဲ့သူတွေက တော့ ခြေလျင်ပဲ ပြေးခဲ့ကြရပါတယ်။

"ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းတယ်။ ပြေးလည်းမပြေးနိုင်ဘူး။ ပြေးစရာလည်း မြေမရှိ၊ ပြေးစရာ ငွေလည်း မရှိဘူး”

နေအိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူသေဆုံးတဲ့အထိ ဖြစ်လာတာကြောင့် ထွက်ပြေးခဲ့ကြရတာလို့ နမ့်လန်မြို့ကိုရောက်နေတဲ့ လားရှိုးမြို့ခံ ဒေါ်ခင်ထွေးရီက RFA ကို ပြောပါတယ်။

“ရပ်ကွက်ထဲမှာလေ ရှော့တိုက်ဒုံးတွေ ကျတာလေ။ ဗြုံးတောင်ဘက်က သုံးယောက်သေတာ။ ဘူတာသံလမ်းဘေးက ၁၂ ယောက်မှန်တာတော့ ဘယ်နှယောက်သေတယ်တော့ အတိအကျတော့မသိဘူး။ မနေရဲတော့ဘူး ထွက်လာလိုက်တာ ကိုယ့်ရှေ့တင်ဖြစ်နေတာဆိုတော့။ တောင်ကြီးကို ဆက်သွားမယ်ဆိုတော့ ဆီတစ်ပုံးက နှစ်သိန်း၊ သုံးသိန်းဆိုတော့ မတတ်နိုင်တော့ဘူးလေ။ မတတ်နိုင်တော့ ဒီမှာ ကျွေးတဲ့မွေးတဲ့လူတွေ ရှိတော့ ဒီမှာပဲ ကပ်နေရတာပေါ့နော်”

ဒုက္ခသည်တွေဟာ နမ့်လန်မြို့က မဟာမြတ်မုနိဘုန်းကြီးကျောင်းနဲ့ မြို့ဦးကျောင်းအပြင် အစ္စလာမ်၊ ဂေါ်ရခါး၊ ခရစ်ယာန် စတဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြပြီး နမ့်လန်ဒေသခံတွေကပဲ ကူညီပေးနေကြပါတယ်။

လားရှိုးတိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များ နမ့်လန်မြို့ရှိ နေရာတချို့တွင် ခိုလှုံနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
လားရှိုးတိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များ နမ့်လန်မြို့ရှိ နေရာတချို့တွင် ခိုလှုံနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေမြို့တွေမှာ ဆွေမျိုးရှိသူတွေကတော့ ထပ်ပြီးရွှေ့ပြောင်းသွားကြပေမဲ့ သွားစရာမရှိသူတွေကတော့ နမ့်လန်မြို့မှာပဲ ဆက်နေကြရတာပါ။

ဘေးလွတ်ရာ ထွက်ပြေးဖို့ ကားခမရှိတဲ့ လားရှိုးမြို့ခံ ဦးလေးမောင်တို့သားအဖဟာ အိမ်နီးချင်းတွေ အကူအညီနဲ့ ထွက်ပြေးလာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“လာတာက အိမ်နီးနားချင်းကားနဲ့လာတာလေ။ သူတို့လည်းရွှေ့တယ်လေ။ သူတို့က လိုက်မလားဆို လိုက်မယ်ဆိုတော့ အစတုန်းက ကားခခြောက်သိန်းလောက် တောင်းတယ်။ ပြေပြေလည်လည်ပြောတော့ အိမ်နီးနားချင်းဆိုတော့ သိတယ်။ အဆင်ပြေအောင်လုပ်ပေးမယ် အဘိုးပေါ့။ အခုတော့ ငွေတောင်မှ မပေးရသေးဘူး။ သားပို့လာမှ ပို့ရမှာ။ တအားဒုက္ခရောက်တယ်”

လက်ရှိ နမ့်လန်မြို့မှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရောက်နေပြီး ဒေသခံတွေအပြင် နမ့်လန်မြို့ တရုတ်လူမျိုးအဖွဲ့က ထမင်းဟင်းချက်ပြီး ကူညီပေးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒီလိုကူညီပေးသူတွေကြောင့် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးလာရသူတွေအတွက် အထောက်အပံ့ဖြစ်ရတယ်လို့ လားရှိုးကနေ ထွက်ပြေးလာတဲ့ နန်းခမ်းလှက RFA ကို ပြောပါတယ်။

“အစားအသောက်ကိုလည်း အကုန်လုံးဂရုစိုက်ပါတယ်။ မနက် မနက်ဆို ရှမ်းတွေကလည်း ကောက်ညှင်းပေါင်း တို့ စားစရာသောက်စရာတွေ လာဝေပါတယ်။ ၁၂ နာရီလောက်ဆို တရုတ်တွေလည်း စားသောက်ဖို့ ဖိတ်ခေါ်ပြီး ကျွေးပါတယ်။ တန်းစီပြီး ယူရတာပေါ့နော်။ ညနေဆိုလည်း ကျွေးတယ်။ အဆင်ပြေတယ်။ ဂေါ်ရခါးကျောင်းမှာလည်း ဖိတ်ခေါ်တယ်”

လားရှိုးတိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များ နမ့်လန်မြို့ရှိ နေရာတချို့တွင် ခိုလှုံနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
လားရှိုးတိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များ နမ့်လန်မြို့ရှိ နေရာတချို့တွင် ခိုလှုံနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လားရှိုးမြို့က တိုင်းစစ်ဌာချုပ်ကို သြဂုတ် ၃ ရက်နေ့မှာ MNDAA သိမ်းပိုက်ပြီးနောက်ပိုင်း မြို့ခံအချို့ လားရှိုးမှာရှိတဲ့ နေအိမ်တွေကို ပြန်ကြည့်ကြပေမဲ့ အများစုကတော့ လေကြောင်းရန်ကြောင့် နေရပ်မပြန်နိုင်ကြသေးပါဘူး။

ဒီလဆန်းပိုင်းမှာတော့ နမ့်လန်မြို့နားအထိ တိုက်ပွဲတွေရောက်လာပြီး မြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် နမ့်လန်မြို့ကလုပ်ငန်းရှင်တွေနဲ့ မြို့ခံအချို့ နေရပ်စွန့်ခွာသွားကြပါတယ်။

လေဖြတ်ရောဂါသည် ကိုမျိုးအောင်ကတော့ ပြေးစရာမရှိတဲ့ သူတို့လိုဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်းမှာပဲ ဆက်ပြီးကျန်နေခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

လားရှိုးတိုက်ပွဲ တစ်လကျော်အတွင်း အရပ်သား ၁၃၀ ကျော် သေဆုံး

လားရှိုးတိုင်းစစ်ဌာနချုပ် သိမ်းခံရမှု စစ်ကောင်စီကို ခြိမ်းခြောက်လာနိုင်

လားရှိုးမှာ ဈေးဆိုင်ခန်းနဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူခံရ


“ဒီမှာကနေရတာမဆိုးဘူး ဒါပေမဲ့ အိမ်နဲ့တော့မတူဘူးပေါ့။ နောက်ထပ် ဘာဖြစ်လာဦးမယ်ဆိုတာ မသိဘူး။ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းတယ်။ ပြေးလည်းမပြေးနိုင်ဘူး။ ပြေးစရာလည်း မြေမရှိ၊ ပြေးစရာ ငွေလည်း မရှိဘူး ”

တိုက်ပွဲတွေကြား အကြိမ်ကြိမ်ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူတို့ကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ဩဂုတ် ၅ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ တစ်နိုင်ငံလုံးအနှံ့က စစ်ရေးအခြေအနေတွေကိုသာ ထုတ်ပြောခဲ့ပြီး စစ်ဘေးဒုက္ခသည်တွေအရေးကိုတော့ ထည့်သွင်းပြောဆိုတာ မရှိခဲ့ပါဘူး။

သြဂုတ်လ ၈ ရက် ဒီနေ့အထိ နမ့်လန်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ MNDAA တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် အခြားဘေးလွတ်ရာနေရာတွေကို ထပ်ပြီးထွက်ပြေးရမဲ့အရေးကို စစ်ဘေးဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။