အထက်တန်းကျောင်းတွေ ပြန်ဖွင့်မယ့်အစီအစဉ် မိဘတချို့ စိုးရိမ်

ဝေယံမိုးမြင့်
2020.05.27

ဇူလိုင်လအတွင်း အခြေခံပညာ အထက်တန်းကျောင်းတွေ ဖွင့်သွားမှာဖြစ်ပြီး အလယ်တန်းနဲ့ မူလတန်း တွေကို နောက်ပိုင်းမှာ ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ပညာရေးဝန်ကြီး  ဒေါက်တာမျိုးသိမ်းကြီးက မနေ့ကကျင်းပတဲ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေခံပညာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

စာသင်ကျောင်းမှာ ကူးစက်မှုမခံရအောင် ကာကွယ်ရေး အစီအစဉ်တွေ ဆောင်ရွက်သွားမယ်လို့ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းက ပြန်ကြားရေးဝန်ကြီးဌာနကတစ်ဆင့် ပြောကြားထားပါတယ်။

"ကလေးတစ်ယောက်ကို မျက်နှာအကာ တစ်ခု၊ နှာခေါင်းစည်း နှစ်ခု၊ အနည်းဆုံးဝေနိုင်ဖို့ ကြိုးစားနေတယ်။ နောက်တစ်ခုက အတန်းထဲမှာ ခခြာက်ပေအကွာ ထားလို့ရရင်ထားဖို့၊ သုံးပေကွာလို့ရရင် သုံးပေအကွာ ဒါကကြည့်ရမယ်။ စံကတော့ ခြောက်ပေအကွာကပေါ့။ ကျောင်းသားများတဲ့ကျောင်းတွေက သေချာပေါက် နှစ်သုတ် တက်ရပါမယ်။ အရင်က အတန်းမှာ လူ၆၀ ထည့်ထားရင် အခု ၃၀ နှစ်သုတ်ပေါ့။ ဆရာမတွေကတော့ အလုပ်ချိန် ပိုသွားမှာပေါ့။ ကြပ်မတ်စောင့်ကြည့်သူတွေထားတဲ့ကျောင်းတွေလည်း အနည်းဆုံး ၁၀ ရက် အလို မှာ ပြန်အပ် ပိုးသတ်တာတွေဘာတွေလုပ်ရပါလိမ့်မယ်။"

အခြေခံပညာကျောင်းတွေဟာ အရင်ထဲက အိမ်သာစနစ်၊ သောက်သုံးရေစနစ် အမှိုက်စွန့်ပစ်မှုစတဲ့ အချက်တွေမှာ တောင် စီမံခန့်ခွဲနိုင်မှုအားနည်းတဲ့အတွက် တကယ်ပဲ ဗိုင်းရပ်စ်ကာကွယ်ရေး အစီအမံတွေ အတိုင်း လိုက်နာ နိုင်ပါ့မလားဆိုတာကို သံသယဝင်နေတဲ့ မိဘတွေ မနည်းပါဘူး။

"ကိုယ်တိုင် ပညာရေးစနစ်နဲ့ကြီးပြင်းခဲ့တာ၊ ကျောင်းတွေရဲ့ လည်ပတ်နေတဲ့စနစ်တွေက အခုချိန်ထိ ဘာမှ ပြောင်းလဲမှုမရှိသေးဘူး၊ ကျောင်းတွင်းစီမံခန့်ခွဲမှုက နဂိုထဲက မကောင်းဘူး။ ဒီလိုအခြေအနေမှာ ခြောက်ပေအကွာဆိုတာကြီးက ဘယ်လိုမှ ယုံကြည်ချင်စရာမကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ ကျောင်းဖွဲ့စည်းပုံ စာသင်ခုံတွေက ဒီကိစ္စမှာ အားနည်းချက်ရှိတယ်။ နောက်တစ်ခုက မက်စ်တပ်တာ ဝေသည်ဖြစ်စေ ဝယ်ပေးရသည်ဖြစ်စေ ကျမ်းမာရေးအရဆိုရင် မက်စ်က တစ်ချိန်လုံး တပ်မထားနိုင်ဘူး။ အဲဒီအပေါ် ယုံကြည်စိတ်မရှိဘူး စိုးရိမ်စိတ်ရှိပါတယ်။"

ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဦးဇော်ဇော်မျိုးလွင် ပြောသွားတာပါ။

ကျောင်းတွေ ဖွင့်ပြီဆိုရင်တောင် သားသမီးဖြစ်သူကို ကျောင်းမအပ်တော့ဘဲ တစ်နှစ်နောက်ကျခံလိုက်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။

မူလတန်းကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းဝင်းခိုင်ကတော့ ကျောင်းပြန်တက်ရမယ်ဆိုရင်လည်း ကိုယ်ဘက်က တတ်နိုင်တဲ့ကာကွယ်မှုတွေကို လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

"အခန်းတစ်ခန်းမှာ ပြည့်ကြပ်ညပ်နေတာ ဘယ်လိုလုပ် သုံးပေအကွာ ခြောက်ပေအကွာ ထားနိုင်မလဲ။ သူတို့လာစစ်တဲ့အချိန်တော့ ထားချင်ထားမယ် နောက် ဒုံရင်းဒုံရင်းပဲ။ အဲဒီအပေါ်စိုးရိမ်စိတ်က ဘယ်လိုလဲ ဆိုတော့ ဖြစ်ရင်တော့ အကုန်သွားမှာပဲ။ ကျောင်းဖွင့်ပြီလို့ သူ့ဆရာမပြောရင်တော့ ထားရမှာပဲ။ ကိုယ့်ဘက်က လုပ်နိုင်တာ လက်ဆေးရည်ထည့်ပေးလိုက်မယ်၊ မက်စ်တပ်ပေးလိုက်မယ်၊ ကိုယ်လုပ်နိုင်တာလုပ်ပေးမယ် ကိုယ်ဘက်ကလည်း ဒါပဲလုပ်ပေးနိုင်တယ်။"

ကျောင်းတွေပြန်ဖွင့်မယ့် ဇူလိုင်လဟာ မိုးတွင်းကာလဖြစ်ပြီး အရင်ကတည်းက ကူးစက်ရောဂါ ဖြစ်ပွားမှုတွေလည်း များတဲ့အချိန်ဖြစ်တာကြောင့် မိဘတွေရဲ့ စိုးရိမ်မှုတွေက ဒီကာလမှာ ပိုမြင့်တက်နေဆဲပါ။

ဒီကာလမှာ ကျောင်းတွေ ပြန်ဖွင့်တာဟာ ဆရာ ဆရာမတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့  မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံံလုံးဆိုင်ရာ ကွန်ရက်က ဒေါ်သူသူမာက ပြောပါတယ်။

"ဆရာ၊ ဆရာမတွေအနေနဲ့ အတော်လေး အခက်အခဲဖြစ်မယ်ထင်တယ်။ သူတို့မှာသင်ကြားရေးကိုလည်း အာရုံစိုက်ရမယ်၊ ပြီးတော့ မိဘတွေစိုးရိမ်နေတဲ့ ကာကွယ်ရေးကိစ္စတွေကိုလည်း လုပ်ရမယ်။ ဆရာတွေအတွက် အခက်အခဲဖြစ်မယ်၊ အဲဒါလည်း ကြီးမားတဲ့စိန်ခေါ်မှုပဲ အဲဒီအပေါ်စိုးရိမ်တယ် ကျောင်းတွေ အစောတလျင် ပြန်ဖွင့်တဲ့ကိစ္စကလည်း အဖြေတော့မဟုတ်ဘူး။"

အစိုးရရဲ့ ရောဂါထိန်းချုပ်နိုင်မှု စိတ်ချရပြီလို့ မကြေညာမချင်း ကျောင်းတွေ ပြန်မဖွင့်သင့်သေးဘူးလို့ ထောက်ပြပါတယ်။

ပညာရေးဝန်ကြီးဌာနကတော့ ပထမတန်းကနေ နဝမတန်းအထိ အောင်စာရင်းတွေကို ဇွန်လမှာ ထုတ်ပြန်မှာ ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်စာရင်းကိုတော့ သြဂုတ်လမှာ ထုတ်ပြန်ပေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အထက်တန်းကျောင်းတွေ ပြန်ဖွင့်လှစ်ပြီးနောက် အဆင်မပြေမှု အဆင်ပြေမှုပေါ်မူတည်ပြီး ကျန်တဲ့ အလယ်တန်း မူလတန်း ကျောင်းတွေပြန်ဖွင့်ဖို့ အစိုးရက စီစဉ်ထားတာပါ။

ဒါဟာ အထက်တန်းကျောင်းသားတွေက စမ်းသပ်ခံသဘောမျိုး သက်ရောက်နေတယ်ဆိုပြီး ဝေဖန်မှုတချို့လည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။