မြန်မာ-ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှု အာဆီယံပဋိဉာဉ် ချိုးဖောက်ကြောင်း NUG ဝေဖန်

RFA Burmese
2023.09.27
မြန်မာ-ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှု အာဆီယံပဋိဉာဉ် ချိုးဖောက်ကြောင်း NUG ဝေဖန် ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဂုဏ်ပြုတပ်ဖွဲ့ စစ်ဆေးနေစဉ်။
AFP

နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၅ ကနေ ၃၀ ရက်နေ့ထိ ရုရှားနိုင်ငံ ပရီမော့စကီး (Primorsky) ဒေသမှာ ပြုလုပ်နေပြီး အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေက အထူးကျွမ်းကျင်စစ်သား ခုနစ်ရာခန့် ပါဝင်ဆင်နွှဲနေကြောင်း ရုရှားအစိုးရပိုင် Tass သတင်းဌာနက စက်တင်ဘာ ၂၆ ရက်နေ့က ဖော်ပြပါတယ်။

အဲဒီ စစ်သည် ခုနစ်ရာနဲ့အတူ တိုက်ခိုက်ရေး လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ မောင်းသူမပါတဲ့ လေကြောင်းတိုက်ခိုက်ရေးယာဉ်တွေ၊ တင့်ကားတွေနဲ့ သံချပ်ကာ ကားတွေလည်း ပါဝင်ပါတယ်။

အဲဒီပူးတွဲစစ်ရေး လေ့ကျင့်မှုကို ရုရှားနဲ့ မြန်မာစစ်တပ် အကြီးအကဲတွေက ဦးဆောင် ကျင်းပတာပါ။ ဒီလေ့ကျင့်မှုကို ADMM လို့‌ခေါ်တဲ့ “အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့” နဲ့လည်း နှစ်စဉ် ပူးတွဲကျင်းပလေ့ ရှိပါတယ်။ အာဆီယံ ၁၀ နိုင်ငံအပြင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဩစတေးလျ၊ တောင်ကိုးရီးယား၊ ဂျပန်နဲ့ နယူးဇီလန်နိုင်ငံက စစ်သည်တွေလည်း ပူးပေါင်းပါဝင်လေ့ ရှိပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့အတွက် တရုတ်နဲ့ အိန္ဒိယကလွဲရင် အမေရိကန်၊ ဩစတေးလျ၊ တောင်ကိုးရီးယား၊ ဂျပန်နဲ့ နယူးဇီလန်တို့က မနှစ်ကရော ဒီနှစ်မှာပါ ဒီလေ့ကျင့်မှုကို မတက်ရောက်ဘဲ သပိတ်မှောက်ထားပါတယ်။

အာဆီယံထဲက စင်္ကာပူကတော့ ဒီနှစ်လေ့ကျင့်မှုကို အာဏာသိမ်း မြန်မာစစ်တပ်က ရုရှားနဲ့အတူ ဦးဆောင်ပြုလုပ်တာမို့ မတက်ရောက်ဘဲ သပိတ်မှောက်ထားပါတယ်။ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေ ပါဝင်ဆင်နွှဲနေကြောင်း Tass သတင်းဌာနက ဖော်ပြပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ အင်ဒိုနီးရှားနဲ့ မလေးရှားအပါအဝင် အာဆီယံနိုင်ငံအားလုံး ပါဝင်ဆင်နွှဲနေတာဟာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်တာလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“အာဆီယံပဋိညာဉ်ကို ချိုးဖောက်နေတာ ဖြစ်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အာဆီယံပဋိညာဉ်စာတမ်းက ပြောထားတာက ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ဖို့၊ ငြိမ်းချမ်းစွာ ပြဿနာတွေ ဖြေရှင်းဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားဖို့ဆိုတာ အာဆီယံ ပဋိညာဉ်စာတမ်းမှာ ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ အာဆီယံ ပဋိညာဉ်စာတမ်းရဲ့ ဖော်ပြချက်နဲ့ ဆန့်ကျင်နေတာ သိသာထင်ရှားတယ်”

စစ်ကောင်စီကို အာဆီယံရဲ့ ဘယ်လိုအစီအစဉ်မျိုးမှာမှ တက်ရောက်ခွင့်မပေးဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်သင့်တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

အာဆီယံအနေနဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို ဆက်လုပ်နေတာဟာ ရုရှားနဲ့ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်ခွင့်ပြုပေးနေတာလို့ စင်ပြိုင် အာဆီယံအဖွဲ့ တည်ထောင်သူနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် Debbie Stothard ကပြောပါတယ်။

“အခြေခံအားဖြင့်တော့ ဒီစစ်ရေးလေ့ကျင့်မှု ဆက်လုပ်နေတာက တရားမဝင် စစ်အစိုးရနဲ့ ကျန်တဲ့ နိုင်ငံတကာ အသိုက်အဝန်းကို သူတို့ (အာဆီယံ) အနေနဲ့ အလေးမထားပါဘူး၊ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အပေါ် အလေးအနက် မထားပါဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အလေးနက် မထားဘူးလို့ ပြောနေတာပါ။ ဒါကြောင့် အခုလို အပြုအမူတွေဟာ တကယ်တော့ ရုရှားနဲ့ တရားမဝင် စစ်အစိုးရကို အရပ်သား ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လုပ်ခွင့်ရအောင် ခွင့်ပြုပေးနေတာပါ”

မကြာသေးခင်ကမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ စစ်ကောင်စီကို ထောက်ပြဝေဖန်လေ့ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေတာနဲ့ ပတ်သက်လို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဒီလေ့ကျင့်မှုကို ဘာကြောင့် မတက်ရောက်သလဲဆိုတာနဲ့ ကျန်အာဆီယံနိုင်ငံတွေ တက်ရောက်နေတဲ့အပေါ် အမြင်သဘောထားသိနိုင်ဖို့ ရန်ကုန်ရှိ စင်ကာပူနဲ့ အမေရိကန်သံရုံးတွေကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

"ရုရှား ပါဝင်ဦးဆောင်လာတဲ့အတွက် အဲဒါနဲ့ နီးစပ်တဲ့ တိုင်းပြည်တွေပါ ပါဝင်လှုပ်ရှားလာတဲ့သဘော ရှိပါတယ်။"

မြန်မာ၊ အာဆီယံဒေသနဲ့ နိုင်ငံတကာက အရပ်ဘက်အဖွဲ့အစည်း ၅၅၁ ဖွဲ့ကတော့ “အကြမ်းဖက်မှု တိုက်ဖျက်ရေး” ခေါင်းစဉ်နဲ့ လုပ်နေတဲ့ ဒီစစ်ရေးလေ့ကျင့်မှုတွေကို ဖျက်သိမ်းပေးဖို့ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန်၊ ဂျပန်၊ ဩစတေးလျ စတဲ့ ဆွေးနွေးဖက်နိုင်ငံတွေကို သြဂုတ်လ ၂၅ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆို ထားပါတယ်။

Justice for Myanmar အဖွဲ့ကလည်း ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ မြန်မာပြည်သူတွေ အပေါ် တိုက်ခိုက်၊ သတ်ဖြတ်၊ အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရေး စွမ်းရည်တွေ ပိုကောင်းအောင် လုပ်ပေးနေတာကြောင့် ကန့်ကွက်ရှုတ်ချကြောင်း ဩဂုတ်လကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

အာဆီယံနိုင်ငံ အများစု ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေတာဟာ ရုရှားနဲ့ နီးကပ်မှုကြောင့်ဖြစ်ပြီး အာဆီယံဟာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေကို အသိအမှတ်ပြုလေ့ မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ရုရှား ပါဝင်ဦးဆောင်လာတဲ့အတွက် အဲဒါနဲ့ နီးစပ်တဲ့ တိုင်းပြည်တွေပါ ပါဝင်လှုပ်ရှားလာတဲ့သဘော ရှိပါတယ်။ နောက်တစ်ခုက ဒီအဖွဲ့အစည်းတွေအားလုံးဟာ အရပ်ဘက်အဖွဲ့အစည်းတွေ ငါးရာမကလို့ တစ်ထောင်ဖြစ်ဖြစ် လူထုရဲ့အမြင်နဲ့ တက်ကြွတဲ့ တိုးတက်တဲ့ အစိတ်အပိုင်းတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ပတ်သက်တဲ့ကိစ္စမှာ ဘယ်တုန်းကမှ အလေးထား အသိအမှတ်ပြုတာ မရှိပါဘူး”

အာဆီယံအစိုးရတွေဟာ ကိုယ်ကျိုးစီးပွားနဲ့ ကိုက်ညီလို့ တက်ရောက်ပါဝင်နေတဲ့ သဘောသာ ဖြစ် တယ်လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

ရုရှားမှာ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွက် အကြိုပြင်ဆင်ရေး အစည်းအဝေးကို သြဂုတ်လ ၂ ရက် ကနေ ၄ ရက်နေ့အထိ နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး၊ အဲဒီအချိန် မတိုင်ခင်ကတည်းက ရုရှား-မြန်မာ ဦးဆောင်ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ မပါဝင်ကြဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုခဲ့တာပါ။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အရှေ့တောင်အာရှ မလက္ကာရေလက်ကြားမှာ ရုရှားနဲ့ အာဆီယံနိုင်ငံတွေ ပထမဆုံးအကြိမ် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်စဥ်။ (Photo: AFP)
၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အရှေ့တောင်အာရှ မလက္ကာရေလက်ကြားမှာ ရုရှားနဲ့ အာဆီယံနိုင်ငံတွေ ပထမဆုံးအကြိမ် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်စဥ်။ (Photo: AFP)

ရုရှားနိုင်ငံမှာပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို ဆက်သွယ်မေးမြန်းရာမှာ ဒီစစ်ရေး လေ့ကျင့်မှုဟာ မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အကျိုးရှိတယ်လို့ RFA ကို ပြောပါတယ်။

“ဥပမာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် လေ့ကျင့်တယ်ဆိုရင် အဲဒီအကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာ သုံးစွဲတဲ့ နည်းစနစ်တွေ၊ ဘယ်လို သုံးသင့်လဲဆိုတဲ့ နည်းလမ်းတွေ၊ နည်းဗျူဟာတွေ ဒါတွေရမယ်။ ဒါတွေကတော့ လာရောက် လေ့ကျင့်တဲ့ နိုင်ငံတွေကြားမှာ ဝေမျှလို့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် သုံးသပ်လို့ ရတယ်။ အဓိက ကတော့ စစ်ရေးလေ့ကျင့်တာပဲဖြစ်ဖြစ်၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပူးပေါင်းပြီး အစည်းအဝေး ကျင်းပတာပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အသိပညာ မျှဝေတာနဲ့ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်တာပဲ။ အဲတော့ အဲဒီအကျိုးအမြတ်တွေ အကုန်လုံးတော့ ရမှာပေါ့”

မပါဝင်တဲ့ နိုင်ငံတွေကတော့ ကိုယ်ရမယ့် အကျိုးအမြတ်ကို ကိုယ်တိုင် စွန့်ပစ်လိုက်တဲ့ သဘောလို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ အာဆီယံရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စာတွေ့ စစ်ရေးလေ့ကျင့်မှု Table Top Exercise ကို ပြီးခဲ့တဲ့လက နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး၊ ဒီစာတွေ့လေ့ကျင့်မှုတွေဟာ တရားမဝင် အကြမ်းဖက် အဖွဲ့တွေအဖြစ် ကြေညာထားတဲ့ NUG နဲ့ PDF တွေအပေါ် စစ်ဆင်ရေးအတွက် အထောက်အပံ့ ဖြစ်စေကြောင်း စစ်ကောင်စီပိုင် သတင်းစာတွေကနေ ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။