ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်တယ်လို့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက ပြောခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ ကာလုံအစည်းအဝေးဟာ တရားမဝင်ကြောင်းနဲ့ ပြည်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား သွေးခွဲဖို့ ကြိုးစားတာသာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
"မြန်မြန်ပြိုကွဲပြီးတော့ မြန်မြန် စစ်အာဏာရှင်စနစ် ပြုတ်မှဖြစ်မှာ၊ ကျွန်တော်တို့တွေက EAO တွေ၊ PDF တွေ ဒီမိုကရေစီအင်အားစုတွေက ညီညွတ်သွားပြီ၊ ခုတိုက်ပွဲတွေက စုပေါင်းတပ်တွေအားနဲ့ တိုက်နေတာ၊ ကျွန်တော်တို့မပြုကွဲဘူး၊ သူတို့ပြိုကွဲတာ"
နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့် ပြောသွားတာပါ။
အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဖော်ဆောင်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဟာ မြို့တချို့နဲ့ တပ်စခန်း အတော်များများ လက်လွှတ်လိုက်ရတဲ့အခြေအနေဖြစ်နေတာပါ။
တစ်ချိန်တည်းမှာပဲ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
လက်ရှိ အခြေအနေကို စနစ်တကျ ကိုင်တွယ်သွားဖို့လိုအပ်ပြီး ဒီအချိန်မှာ တစ်နိုင်ငံလုံးက တပ်မတော်ကို ထောက်ခံအကူအညီပေးဖို့လည်း ဦးမြင့်ဆွေက တိုက်တွန်းခဲ့ပါတယ်။
ဒီပြောဆိုချက်ကိုကြည့်ရင် စစ်တပ်ကိုထောက်ခံတဲ့သူမရှိတာ ထင်ရှားတယ်လို့ တအာင်းဒေသ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဆိုဒါရ်းက သုံးသပ်ပါတယ်။
"လူထုအနေနဲ့ တပ်မတော်ကို ထောက်ခံဝန်းရံပေးပါလို့ လူထုကို ဖိတ်ခေါ်တာ၊ မေတ္တာရပ်ခံတာရှိတယ်၊ ကျွန်တော်တို့ တစ်တိုင်းပြည်လုံး အခြေအနေကို ပြန်ကြည်လိုက်မယ်ဆိုရင် တော်လှန်ရေးတွေက အရှိန်အဟုန်နဲ့ မြို့သိမ်းတိုက်ပွဲတွေကျင်းပနိုင်တယ်၊ စခန်းသိမ်းတိုက်ပွဲတွေ ကျင်းပနိုင်တယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် လူထုက တပ်မတော်ကို မထောက်ခံလို့၊ ထောက်ခံပါလို့ ယာယီသမ္မတက ပြောရတဲ့အထိ ဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်"
ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေဟာ MNDAA က လောက်ကိုင်ဒေသမှာ အာဏာပြန်လည်တည်ဆောက်နိုင်ဖို့၊ TNLA က ပလောင်ပြည်နယ်ရရှိဖို့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် နယ်မြေတည်ငြိမ်ဖို့အတွက် လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကတော့ မြောက်ပိုင်းသုံးဖွဲ့စစ်ဆင်ရေးဟာ စစ်အာဏာရှင်ပြုတ်ကျဖို့သာ ဖြစ်တယ်လို့ ပြောပါတယ်။
"တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ကွဲသွားမယ်ဆိုတဲ့ဟာကိုတော့ ကျွန်တော်တို့က လုံးဝမထင်ထားပါဘူး၊ ဖြစ်လည်းမဖြစ်နိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ စစ်ဆင်ရေးရည်မှန်းချက်က စစ်အာဏာရှင် ပပျောက်ရေးရယ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအသစ် တည်ဆောက်ရေး ဖြစ်တယ်"
နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ချင်းရွှေဟော်ကို MNDAA နဲ့ TNLA အဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ မြန်မာနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသလို နယ်စပ်ဒေသဖြစ်လို့ စစ်ဆင်ရေးကို ကန့်သတ်ထိန်းသိမ်း ဆောင်ရွက်နေရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်က မြောက်ပိုင်းအဖွဲ့တွေဟာ မူးယစ်ဆေးဝါးက ရရှိတဲ့ငွေနဲ့ လက်နက်ကိုင်တော်လှန်နေတာလို့ စွပ်စွဲထားသလို ရှမ်းပြည်မြောက်ပိုင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ငြင်းဆိုလိုက်ပါတယ်။
"လောက်ကိုင်က ရုပ်သေးအဖွဲ့တို့၊ စကစ တို့က နောက်ကျောက မထောက်ထားရင် ဒီလုပ်ငန်းတွေက ဖြစ်မလာနိုင်ပါဘူး၊ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် တကယ့်တကယ်တော့ ဘယ်သူတွေက တရားမဝင်တဲ့ လုပ်ငန်းတွေနဲ့ ပိုက်ဆံရှာနေလဲ၊ ဝင်ငွေရှာနေလဲဆိုတာ ပြန်စဉ်းစားကြည်လို့ ရတယ်၊ နောက်တစ်ခု ကျွန်တော်တို့ စစ်ဆင်ရေးစတင်လိုက်တော့ လောက်ကိုင်မြို့မှာရှိတဲ့ ကျားဖျန်သူဌေးတွေ၊ လုပ်ငန်းရှင်တွေကို ဟယ်ရီကော်ပါတာနဲ့ လာသယ်သွားတယ်ဗျ"

MNDAA၊ TNLA နဲ့ AA တို့ရဲ့ အောက်တိုဘာ ၂၇ ရက်နေ့က စတင်တဲ့ ၁ဝ၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၅ဝ ကျော်နဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တွေကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြောက်ပိုင်းအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ သိန္နီ၊ ကြူကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်းမြို့တွေရဲ့ နေရာအားလုံးနီးပါးကိုတော့ ထိန်းချုပ်ထားနိုင်ပေမဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ရှိနေဆဲပဲလို့ MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက ပြောထားပါတယ်။
၂ဝ၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ပွဲအနိုင်ရ အရပ်သားခေါင်းဆောင်တွေ၊ လွှတ်တော်အကြီးအကဲတွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးလိုက်ပြီးနောက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ၊ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လေးဦးအပါအဝင် စုစုပေါင်း ကိုးဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ အစည်းအဝေးကိုတော့ ကာလုံအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီခေါင်းဆောင်တွေအပြင် အထူးဖိတ်ကြားထားသူအဖြစ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေလည်း တက်ရောက်ခဲ့ပါတယ်။