တောင်ကိုရီးယားမှာမွေးတဲ့ မြန်မာကလေးတွေကို စစ်ကောင်စီသံရုံးက မွေးစာရင်းထုတ်မပေး
2025.01.14

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါတဲ့ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသားဇနီးမောင်နှံတွေ ကလေးမွေးလာရင် မြန်မာသံရုံးက မွေးစာရင်း၊ နိုင်ငံသားစာရင်းနဲ့ နိုင်ငံကူးလက်မှတ်တွေ ထုတ်မပေးဘူးလို့ ကိုယ်တိုင်ကြုံနေရတဲ့သူတွေက RFA ကို ပြောပါတယ်။
တောင်ကိုရီးယားအစိုးရက မြန်မာတွေကို လူသားချင်းစာနာတဲ့အနေနဲ့ G-1-99၊ F-1 ဗီဇာ ပေးထားပါတယ်။ အဲဒီ ဗီဇာအမျိုးအစားနဲ့ နေတဲ့သူတွေကို စစ်တပ်ဆန့်ကျင်သူလို့ စစ်ကောင်စီက သတ်မှတ်ထားပြီး ကလေးတွေကို နိုင်ငံသားစာရင်းထဲ ထည့်မပေးတာလို့ အမည်မဖော်လိုတဲ့ မိခင်တစ်ယောက်က ပြောပါတယ်။
“ကျွန်မအမျိုးသားက ဒီမှာ တရားဝင် ဗီဇာနဲ့ နေထိုင်တယ်။ ကျွန်မက ကိုရီးယားနိုင်ငံ လူသားချင်းစာနာတဲ့ ဗီဇာနဲ့ နေထိုင်နေပါတယ်။ သားလေးမွေးတဲ့ခါကျတော့ ID ကတ်လုပ်ဖို့အတွက် လိုအပ်တယ်။ သံရုံးက ကျတော့ ညီမတို့က ဒီနိုင်ငံရေးမှာလည်း ပါဝင်လှုပ်ရှားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့က မလုပ်ပေးဘူး။ ကျွန်မတို့ကလည်း အဲ့ဒါကြောင့်မို့လို့ NUG ရဲ့ အကူအညီနဲ့ပဲ ID ကတ်ကို လုပ်ထားတာပေါ့နော်”
မွေးကင်းစ ကလေးငယ်တွေကို မြန်မာနိုင်ငံသားစာရင်းသွင်းဖို့အတွက် သံရုံးကိုသွားပြီး စာရင်းသွင်းရင် မိသားစုနောက်ကြောင်းရာဇဝင်နဲ့ ခံဝန်ကတိလက်မှတ် ထိုးထားရတဲ့အတွက် မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ မိသားစုဝင်တွေအတွက်လည်း စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။
ကလေးတွေကို မွေးစာရင်းမထုတ်ပေးတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးကို RFA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်း ထားပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။
အလားတူပဲ နေပြည်တော်က စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဌေးလှိုင်နဲ့ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ဒီလို မွေးကင်းစ ကလေးတွေကို နိုင်ငံသားစာရင်းမသွင်းပေးတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ် တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက RFA ကိုပြောပါတယ်။
“အခုဆိုလို့ရှိရင်တော့ ကလေးတွေနဲ့ ပတ်သက်ပြီးတော့ ဒီအမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံသားဖြစ်ကြောင်းရယ် သူတို့ရဲ့ မွေးစာရင်းတွေကို ထုတ်ပေးတာကတော့ ကျွန်တော် သတိထားမိသလောက်ဆိုလို့ရှိရင် ၁၀ ဦးကျော်သွားပါပြီ”
အလားတူပဲ ဆိုးလ်တက္ကသိုလ်မှာ ဘွဲ့လွန်တန်းတက်နေတဲ့ မြန်မာကျောင်းသားတစ်ယောက်ကလည်း တော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် သူရဲ့ နိုင်ငံကူးလက်မှတ်ကို စစ်ကောင်စီက နာမည်ပျက် စာရင်းသွင်းခဲ့တဲ့အတွက် ပညာရေးမှာ အခက်အခဲဖြစ်သွားလိမ့်မယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော်က လက်ရှိ ကျောင်းသားဗီဇာနဲ့ပဲ ကျောင်းတက် ပညာသင်ယူတယ်။ တကယ်လို့ ကျောင်းသားဗီဇာ သက်တမ်းတိုးလို့ မရဘူးဆိုလို့ရှိရင်တော့ ပညာသင်တဲ့ ကိစ္စကိုလည်း တော်တော် အခက်အခဲဖြစ်စေနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ဒီမှာဗီဇာနဲ့ပဲ နေထိုင်ရတာလေ။ အဲဒီ ဗီဇာကို သက်တမ်းတိုးတဲ့နေရာမှာ ပတ်စ်ပို့သည် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ အဲဒါကို ကျွန်တော်တို့က တရားဝင်တဲ့ သက်တမ်းရှိတဲ့ ပတ်စ်ပို့တစ်ခုကို တင်ပြနိုင်ခြင်း မရှိရင် ကျွန်တော်တို့ ဒီမှာနေထိုင်ဖို့ သက်တမ်းလည်း တိုးလို့မရဘူးလေ။ ပညာသင်တဲ့ ကိစ္စကိုတော့ အဓိက အနှောင့်အယှက်ဖြစ်စေတာပေါ့”
ဆက်နွှယ်သောသတင်းများ
စစ်အာဏာသိမ်းနှစ်နှစ်ပြည့် တောင်ကိုရီးယားမှာ ချီတက်ဆန္ဒပြ
တောင်ကိုရီးယားရောက်မြန်မာတွေ စစ်ကောင်စီဆန့်ကျင်ရေး ၂၂ ရက်ကြာ လမ်းလျှောက်ဆန္ဒပြ
နိုင်ငံကူးလက်မှတ် NUG သက်တမ်းတိုးပေးမှုကို လက်မခံတော့ကြောင်း တောင်ကိုရီးယား ထုတ်ပြန်
တောင်ကိုရီးယားနိုင်ငံရဲ့ လူသားချင်းစာနာမှုဗီဇာ ရှိထားတဲ့သူတွေကို နိုင်ငံကူးလက်မှတ် ဖျက်သိမ်းပြီး နာမည်ပျက်စာရင်းသွင်းမယ်လို့ မြန်မာသံရုံးက ခြိမ်းခြောက်စာကို နှစ်ကြိမ်ထုတ်ပြန်ခဲ့တယ်လို့ ကိုရီးယားအခြေစိုက် မြန်မာ့တော်လှန်ရေးအဖွဲ့အစည်း (၃၁) ဖွဲ့က ဇန်နဝါရီ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးကတော့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် တရားမဝင် သက်တမ်းတိုးတာတွေမလုပ်ဖို့နဲ့ အဲဒီနိုင်ငံကူးလက်မှတ်တွေကို ဖျက်သိမ်းပြီး အမည်ပျက်စာရင်း သွင်းသွားမယ်လို့ မနှစ်က နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေညာခဲ့တယ်။
အခုလို မြန်မာသံရုံးက ခြိမ်းခြောက်တာဟာ မြန်မာ့အရေးလှုပ်ရှားမှုကို ရိုက်ခတ်တယ်လို့ အမည်မဖော်လိုတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်က RFA ကို ပြောပါတယ်။
“တခြားသော ညီအစ်ကိုတွေအနေနဲ့လည်း သံရုံးကနေ ခြိမ်းခြောက်တဲ့အတွက်ကြောင့်မို့လို့ ဗီဇာ ပြောင်းလဲတဲ့အချိန်မှာ ပတ်စ်ပို့သက်တမ်း အခက်အခဲကြောင့် ကလေးတွေ မျက်နှာကို ငဲ့ပြီးတော့ မိဘမျက်နှာငဲ့ပြီးတော့ မိသားစုရဲ့ လုံခြုံရေးကို ငဲ့ပြီးတော့ နောက်ဆုတ်သွားတဲ့သူတွေရှိတဲ့အတွက် ကျွန်တော်တို့ဘက်မှာတော့ ထိခိုက်မှု နစ်နာမှုတော့ အများကြီးရှိပါတယ်”
နှစ်နိုင်ငံသဘောတူညီချက်နဲ့ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ခုနစ်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။