သာယာဝတီထောင်မှာ ပုံစံအမျိုးမျိုးနဲ့ညှဉ်းပန်းနေ

RFA Burmese
2024.11.09
သာယာဝတီထောင်မှာ ပုံစံအမျိုးမျိုးနဲ့ညှဉ်းပန်းနေ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ရှေ့မြင်ကွင်းအား ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က မြင်တွေ့ရစဉ်။
RFA

၂၀၂၄ ခုနှစ်အတွင်း အင်းစိန် ဗဟိုစံပြအကျဉ်းထောင်အပါအဝင် နယ်အကျဉ်းထောင်တွေကနေ အကျဉ်းသားနှစ်ထောင်ကျော် ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ကို စစ်ကောင်စီက ပြောင်းရွှေ့ထားပါတယ်။

အရင်က နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော်သာရှိနေတဲ့ သာယာဝတီအကျဉ်းထောင်မှာ အခုနိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသား သုံးထောင်ငါးရာလောက်အထိရှိပြီး ပုံစံအမျိုးမျိုးနဲ့ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒီနှစ်ထဲ စစ်ကောင်စီက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုအပါအဝင် ထောင်တွင်းမှာ ဆေးဝါးကုသခွင့်မပေးတာ၊ ကူးစက်ရောဂါ ကြောင့်သေဆုံးတာ၊ အစာရေစာ လုံလောက်စွာ မရတာတွေကြောင့် အကျဉ်းသူ၊ အကျဉ်းသား ၁၈ ယောက် သေဆုံးရပြီး အဲဒီထဲက ထောင်တွင်းနဲ့ ထောင်ပြင်ပ စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရသူ ကိုးယောက် ရှိပါတယ်။ ဒါမျိုးတွေ ထပ်ရှိနိုင်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"နိုင်ငံအသားအကျဉ်းသားအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး ၃၅၀၀ လောက် ချုပ်နှောင်ထားတဲ့ ဒီသာယာဝတီအကျဉ်းထောင်မှာ ဆရာဝန်အင်အား သုံးယောက်လောက်ပဲ ရှိပါတယ်၊ ဒီဆရာဝန်အင်အား လုံးဝလောက်ငှမှုမရှိတဲ့ အခြေအနေဖြစ်ပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ အကျဉ်းသားတွေက ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိလို့ သေဆုံးရတဲ့ အခြေအနေတွေရှိတယ်၊ တီဘီရောဂါလိုမျိုးပေါ့နော် ရောဂါကူးစက်မှုများတဲ့ ထောင်တွေကိုဘဲ စနစ်တကျရောဂါမရှိတဲ့လူကို ပို့ပြီးတော့မှ ချုပ်နှောင်မှုတွေကိုလည်း တော်တော်လေးကိုမှ လုပ်နေတဲ့အချက်အလက်တွေကို ကျွန်တော်တို့ တွေ့ရှိထားရတယ်"

ဒါ့အပြင် သာယာဝတီအကျဉ်းထောင် အာဏာပိုင်တွေက အကျဉ်းသားတွေကို ကိုယ်တိုင်ညှဉ်းပန်းနှိပ်စက်တဲ့ အပြင် ရာဇဝတ်အကျဉ်းသား ပြူးကြီးဆိုသူကို လိင်စိတ်ခံယူမှုကွဲပြားတဲ့ အကျဉ်းသားတွေအပေါ် အဓမ္မပြုကျင့်တာအပါအဝင် နည်းမျိုးစုံနဲ့ အကြမ်းဖက်နှိပ်စက်ခိုင်း‌နေတယ်လို့ ဒီနှစ် ဇွန်လမှာ သာယာဝတီ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်က ပြောပါတယ်။

"သူတို့က လူကို လူလိုရိုက်တာ မဟုတ်ဘူး၊ ကျွန်တော် တစ်ခါမြင်ဖူးတာကျတော့ ခြေကျင်းဒေါက်ထည့်ပြီး ပြေးခိုင်းတယ်၊ နောက်ကနေပြီးတော့ လေးခွ၊ လောက်စလုံးတွေနဲ့ လိုက်တယ်၊ ပြီးတော့ တုတ်တွေနဲ့ ရိုက်တယ်၊ အဲ့ဒါနိုင်ငံရေးအကျဉ်းသားတွေ၊ ပြီးတော့ နေ့တိုင်းပုံစံထုတ်မောင်းတယ်၊ ပုံစံတောင်မှ ကျွန်တော် အင်းစိန်ထောင်မှာ တွေ့ခဲ့တဲ့ပုံစံမဟုတ်ဘဲနဲ့ သာယာဝတီမှာ ပုံစံကြီးမောင်းတယ်၊ မောင်းပြီးတော့ သူကနောက်ကနေပြီးတော့မှ အကျဉ်းသားအချင်းချင်းခေါ်တဲ့ ပြူးကြီးဆိုတာရှိတယ် သူကနေတစ်ဆင့် ရိုက်ခိုင်းတယ်"

အဲဒီလို ရာဇဝတ်အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လက်ပါးစေအဖြစ်ခန့်အပ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပဋိပက္ခဖြစ်အောင် ရန်စ၊ တိုက်ပိတ်၊ နှိပ်စက်သတ်ဖြတ်တာမျိုးကို ၈၈ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ယောက်ကလည်း သူ့ကိုယ်တွေ့ကို ပြောပါတယ်။

"ကျွန်တော်တို့ခေတ်တုန်းကလည်း အဲ့လို ကျွန်တော်တို့ရောက်ရှိတဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို တိုက်ထဲမှာ ထားပြီးတော့ အခြားအကျဉ်းသားတွေနဲ့ ဆက်ဆံခွင့်မရှိဘူး။ အဲ့ကြားထဲကနေကို တချို့နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်အကျဉ်းသားတွေက အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ မြှောက်ပင့်ပေးမှုနဲ့ သတ်ဖြတ်ခြင်း ရိုက်သတ်ခြင်းတွေ အဲ့မျိုးကြုံခဲ့ရတယ်"


ဆက်နွှယ်သော သတင်းများ

သာယာဝတီထောင်မှာ အပြင်ခေါ်ထုတ်စစ်ဆေးခံရတဲ့အထဲ နိုင်ကျဉ်းတစ်ဦးသေဆုံ

သာယာဝတီထောင်မှာ အကျဉ်းသားတွေနှိပ်စက်ခံနေရကြောင်း မိသားစုဝင်တွေပြော

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ဦး အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံး


ခုလို အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်း နှိပ်စက်ခံနေရတာနဲ့ပတ်သက်ပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ကောင်စီကို ထိထိရောက်ရောက် ဖိအားပေးအရေးယူဖို့ လိုအပ်နေတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

သာယာဝတီအကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ အခုလက်ရှိ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့အထိ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူ ငါးထောင့်ကိုးရာကျော် (၅၉၃၈) ရှိပြီး ၂၅၅၀ ကတော့ သေဆုံးတာ အတည်ပြုဖို့ လိုအပ်နေဆဲလို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရသူ စုစုပေါင်း နှစ်သောင်းတစ်ထောင်ကျော် (၂၁၀၉၇) ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။