စလင်းမြို့မှာ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အရိုးပြာပဲ ပြန်ရခဲ့တဲ့ ဦးနိုင်လင်း

စလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးနိုင်လင်းကို တွေ့ရစဉ်
စလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးနိုင်လင်းကို တွေ့ရစဉ် (Photo: CJ)

မကွေးတိုင်း စလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးနိုင်လင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စစ်ကောင်စီ တပ်သားတွေရဲ့ ဖမ်းဆီးပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းကို ပြန်မရခဲ့ဘဲ သူ့ရဲ့ အရိုးအိုးလေးပဲ သူ့မိသားစုဆီကို ပြန်ရောက်လာခဲ့ပါတယ်။

မကွေးတိုင်း စလင်းမြို့မှာ စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ ဦးနိုင်လင်းဟာ မြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးပါ။ သူဟာ နိုင်ငံရေးခံယူချက် ပြင်းထန်သူ၊ တက်ကြွပြီး ရိုးသားပွင့်လင်းသူ၊ စကားကို ဟောဟောဒိုင်းဒိုင်း ပြောတတ်ပြီး ရယ်ရယ်မောမော နေတတ်သူ တစ်ဦး ဖြစ်တယ်လို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။

စလင်းမြို့ ဝန်ရကျေးရွာ၊ ပုသိမ်-မုံရွာ ကားလမ်းဘေးမှာ ကုန်စုံဆိုင်ဖွင့်ပြီး မိသားစုဘဝကို ဖြတ်သန်းခဲ့တဲ့ ဦးနိုင်လင်းဟာ စစ်အာဏာသိမ်းပြီးချိန်မှာတော့ စစ်ကောင်စီ တပ်သားတွေရဲ့ အန္တရာယ်ကို ရှောင်နေရသူ တစ်ဦး ဖြစ်လာခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဦးနိုင်လင်း အိမ်ကိုခဏပြန်ပြီး ထမင်းစားနေချိန်မှာ အရပ်ဝတ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အရပ်ဘက်သုံးကားတွေနဲ့ ဖမ်းဆီးဖို့ သူ့အိမ်ကိုရောက်လာပါတယ်။

ဦးနိုင်လင်းက အခြေအနေတွေ အားလုံးရိပ်မိတာကြောင့် ထွက်အပြေးမှာ အနောက်ကနေ ခြေထောက်ကို အပစ်ခံရပြီးမှ ခေါင်းကိုပါ ထပ်ပစ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက် NLD ပါတီဝင်တစ်ယောက်က ပြောပါတယ်။

“လာဖမ်းတဲ့ ပုံစံကိုက ပထမလူလွတ် နှစ်ယောက်ကနေပြီးတော့ ဈေးဝယ်သလိုပေါ့နော်။ ရေသန့်ဘူး ဝယ်တယ်၊ ကွမ်းဝယ်တယ်၊ သူရောက်နေတာကိုသိပြီး ရှိတယ်ဆိုမှ ကားပေါ်ကနေ အရပ်ဝတ်နဲ့ လူတွေဆင်းလာတာဗျ။ ပါရာဒို ခဲရောင်နဲ့လို့ ပြောတယ်ဗျ။ စစ်ဝတ်စစ်စားနဲ့တော့ မဟုတ်ဘူးပေါ့ဗျာ။ အရပ်ဝတ်တွေနဲ့ ဆင်းလာပြီး ပစ်သလိုလုပ်ကာမှ ထွက်ပြေးတာ။ ထွက်ပြေးတော့လည်း ဘယ်လောက်မှ မပြေးနိုင်ဘူး တန်းပစ်တာဗျ။ ပထမက ခြေထောက်မှန်တယ်တဲ့။ ပြီးမှ မင်းပြေးနိုင်သေးလား၊ ပြေးဦးကွာ ဆိုပြီး ကြားရတယ်ပေါ့ဗျာ။ ရိုက်နှက် လုပ်ပြီးတော့ နောက်ဆုံးကျတော့မှ နောက်စေ့ကို တေ့ပြီးပစ်သွားတာ"

အသက် ၄၅ နှစ်အရွယ် ဦးနိုင်လင်းရဲ့ ရုပ်အလောင်းကို လူနာတင်ယာဉ်နဲ့ စလင်းဆေးရုံကို ခေါ်သွားပြီး နောက်ရက်မှာ အလောင်းကို ငွေနဲ့လာရွေးဖို့ အကြောင်းကြားတယ်လို့ တစ်ဆင့်စကားတွေနဲ့ သိကြရပေမယ့် ငွေကြေးဘယ်လောက်တောင်းသလဲ၊ ဘယ်သူက တောင်းတာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဦးနိုင်လင်းရုပ်အလောင်းကို ဦးစီးဦးဆောင်လုပ်ပြီး သွားယူပေးနိုင်တဲ့သူလည်း မရှိခဲ့ပါဘူး။

စက်တင်ဘာ ၁၅ ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စလင်းမြို့နယ် စေတီလှသုသာန်မှာ လုံခြုံရေး ယူပြီး ဦးနိုင်လင်းရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သုသာန်က ပြန်သွားတဲ့အခါမှပဲ ဦးနိုင်လင်းကို ခင်မင်လေးစားကြတဲ့ အရပ်သားတချို့က သူ့အရိုးတွေကို ကောက်ယူပြီး မိသားစုဆီ ပြန်အပ်ခဲ့ကြတယ်လို့ ဦးနိုင်လင်းရဲ့ မိတ်ဆွေတွေက ပြောကြပါတယ်။

ဦးနိုင်လင်းကို ပစ်ခတ်ဖမ်းဆီးချိန်မှာ သူ့အမျိုးသမီးနဲ့အတူ အသက် ရှစ်နှစ်အရွယ် သမီးနဲ့ ငါးနှစ်အရွယ် သားတစ်ယောက်တို့ပါ ရှိနေပြီး သူတို့ပါ လွတ်ရာကို ထွက်ပြေး ခဲ့ကြရပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဖခင်ကို နောက်ဆုံးမြင်လိုက်ရပြီး သေနတ်သံတွေနဲ့အတူ ပျောက်ကွယ် သွားပြီး နောက်ဆုံအကြိမ်အဖြစ် ရုပ်အလောင်းကိုပါ သူ့မိသားစုက ကြည့်ခွင့်မရခဲ့ကြပါဘူး။ နာရေးရက်လည် ကိုလည်း အိမ်မှာမလုပ်ရဲဘဲ ဆွေမျိုးအိမ်မှာပဲ လုပ်ပေးခဲ့ကြရပါတယ်။

အခုချိန်မှာ ကလေးတွေနဲ့ သူ့အမျိုးသမီးဟာ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေကြောင့် ဘယ်ဖုန်းကိုမှ လက်ခံ မပြောနိုင်သေးဘူးလို့ ဦးနိုင်လင်းရဲ့ မိတ်ဆွေတွေက ပြောကြပါတယ်။

ဦးနိုင်လင်း ပစ်ခတ်ဖမ်းဆီးပြီး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အကြောင်းမပြန်ပါဘူး။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေ ကုလသမဂ္ဂရဲ့ သဘောတူညီချက်ထဲမှာ ဖမ်းဆီးရမိတဲ့ တိုက်ပွဲဝင်သူတွေနဲ့ အရပ်သားတွေကို အကြမ်းဖက်မှု၊ လက်စားချေမှု အပြုအမူတွေကနေ ကာကွယ်ရမှာဖြစ်ပြီး မိသားစုနဲ့ ဆက်သွယ်နိုင်ခွင့်နဲ့ အကူညီတွေကို လက်ခံခွင့်ရှိရမယ်၊ ဘယ်သူမှ နှိပ်စက်ညှဉ်းပန်းခံရတာ၊ ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ်ပေးခံရတာ၊ ရက်စက်တဲ့ အပြုအမူနဲ့ဆက်ဆံခံရတာ၊ အရှက်ရစေတဲ့ ပြုမူဆက်ဆံခံရတာမျိုး မရှိစေရတော့ဘူးလို့ ပါပါတယ်။

နှိပ်စက်ညှဉ်းပန်းမှုဆန့်ကျင်ရေး ကုလသမဂ္ဂ သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဟာ ဘယ်အကြောင်းရင်းကြောင့်မဆို ဘယ်သူ့ကိုမှ နှိပ်စက်ညှဉ်းပန်းတာတွေ မလုပ်ဖို့ ဝန်ခံကတိပြုထားတာပါ။ ပဋိပက္ခပြီးဆုံးချိန်မှာ စစ်ဥပဒေရဲ့ ဘယ်အချက်ကိုမဆို အထူးသဖြင့် ရက်စက်ယုတ်မာမှုတွေကို ကျူးလွန် ထားတဲ့ ပုဂ္ဂိုလ်ဟာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေအတွက် ဥပဒေလုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ တစ်ယောက်ချင်းစီ တရားစီရင်ခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အခုချိန်မှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်လို့ နည်းလမ်း မျိုးစုံနဲ့ အသတ်ခံရသူတွေ အယောက် ၁,၀၈၀ အထိရှိနေပြီလို့ RFA က စာရင်းကောက်ယူထားပါတယ်။

ဦးနိုင်လင်းဟာ ၂၀၁၅ ခုနှစ် နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ စလင်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးတာ၊ ဦးဝင်းမောင်၊ ဦးသက်ခိုင်နဲ့ ဦးတင်မောင်ထွန်းတို့ လေးယောက် အောင်နိုင်ရေး၊ စည်းရုံးရေးတွေအတွက် အင်တိုက်အားတိုက် လှုပ်ရှားပေးခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို သူနေထိုင်တဲ့ ဝန်ရကျေးရွာနဲ့ ရွာချင်းဆက် လမ်းတွေပျက်နေတာကို ပြင်ပေးဖို့ တင်ပြတောင်းဆိုခဲ့တာကြောင့် အခုချိန်မှာ လမ်းကောင်း နေပြီလို့လည်း ဒေသခံတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောကြပါတယ်။

ဦးနိုင်လင်းနဲ့အတူ အလုပ်လုပ်ခဲ့ဖူးတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ မြို့နယ် အလုပ်အမှုဆောင် တစ်ယောက်က ဦးနိုင်လင်း ပြောခဲ့တာတွေကို အမှတ်တရ ရှိနေတယ်လို့ဆိုပါတယ်။

“ဒါအငြိုးနဲ့လုပ်တာဗျ။ ပါတီပေါ်ရော အငြိုးနဲ့ သက်သက်ကို ရက်ရက်စက်စက် လုပ်ကြံတဲ့ သဘောမျိုးလို့ ကျနော်ကတော့ သုံးသပ်တယ်။ မှတ်မှတ်ရရဆို ပါတီစည်းရုံးရေးမှာ လက်တွဲခဲ့တာတွေ၊ စည်းရုံးရေး ကာလမှာ အတူလက်တွဲလုပ်တာတွေ သတိရတာပေါ့ဗျာ။ တော်လှန်ရေးကာလရောက်လာတော့ သူနဲ့ပဲ ချိတ်ဆက်ပြီး အကူညီတွေရတာဆိုတော့ သူက ပြောဖူးတာရှိတယ်။ ဟေ့ကောင် ကျန်းမာရေးဂရုစိုက် ရှေ့ဆက်ပြီး အောင်နိုင်အောင်သာလုပ်၊ အောင်တဲ့အခါကျ ပြန်တွေ့မယ်ဆိုပြီး သူက ကျနော့်ကို ပြောတယ်။"

ဦးနိုင်လင်းဟာ ကုန်စုံဆိုင်ဖွင့်ထားတဲ့အပြင် ခြောက်ဘီးကားတစ်စီးမောင်းပြီး ကျေးရွာထွက်သီးနှံတွေကို စလင်းမြို့ပေါ်ကိုပို့၊ စလင်းမြို့ပေါ်ကနေ ကျေးရွာအတွက် လိုအပ်တဲ့ပစ္စည်းတွေ သယ်ယူပြီး ရောင်းဝယ် လုပ်ကိုင်နေသူပါ။

"ရိုက်နှက်လုပ်ပြီးတော့ နောက်ဆုံးကျတော့မှ နောက်စေ့ကို တေ့ပြီးပစ်သွားတာ""

သူ့ကျေးရွာ၊ သူ့ဒေသမှာတော့ ပြေလည်တဲ့ အခြေအနေရှိတဲ့သူပါ။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် တစ်ယောက်ဖြစ်တဲ့အပြင် သာရေး၊ နာရေးအတွက် အကူညီလာတောင်းသူ ဘယ်သူ့ကို မဆို၊ ဘယ်ပါတီဝင်ကို မဆို သူ့ကိုယ်ပိုင်ငွေစိုက်ထုတ်ပြီး ဦးဆောင်ကူညီပေးသူဖြစ်တာကြောင့် ရပ်ရွာ အတွက်လည်း အားကိုးနေရသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူနဲ့ တစ်ရွာတည်းနေတာ မဟုတ်ပေမယ့် သူ့ရဲ့ ပရဟိတစိတ်နဲ့ ဖော်ရွေတတ်တဲ့ စိတ်သဘောထား တွေကြောင့် လေးစားအားကျခဲ့ရတယ်လို့ စလင်းမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသက် ၃၇ နှစ်အရွယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

“ကြီးသူကိုရိုသေ၊ ငယ်သူကိုသနား၊ ရွယ်တူကိုလေးစားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီတယ်ခင်ဗျ။ သူနဲ့တွေ့တဲ့ ဘယ်သူ့ကိုမဆို ရည်ရည်မွန်မွန် ပြောပြောဆိုဆို ခေါ်ခေါ်ပြောပြော အာရုံစိုက်ပြီးနှုတ်ဆက် အဲဒါမျိုး လေးတွေခင်ဗျ။ ကျနော်နှစ်သက်တဲ့ ပါတီဝင်ဖြစ်တာအပြင် သူ့လုပ်ဆောင်ချက်လေးတွေက ကြီးကဲသူ ဆိုလည်း ကြီးကဲသူအလိုက်၊ ငယ်တဲ့သူဆိုလည်း ငယ်တဲ့သူအလိုက် တလေးတစား၊ အားလုံးကလည်း တလေးတစားဆက်ဆံတယ်။ အသိပညာပေးတာတွေလည်းရှိတယ်။ သူပြောတဲ့အထဲမှာ သူက အမှန်တရားကို အရမ်းချစ်မြတ်နိုးတာကို တွေ့တဲ့အခါတိုင်း ပါတာတွေ တွေ့ရတယ်။ သူအချစ်တဲ့ အမှန်တရား တစ်ခုတည်းအတွက် အသက်ပေးလိုက်ရတာခင်ဗျ"

မကွေးတိုင်းဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ NLD ပါတီက တိုင်းလုံးကျွတ် အနိုင်ရခဲ့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဦးတာ၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင် တို့ကတော့ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာကို ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သူတွေ၊ ဝန်ကြီးချုပ်တွေ၊ လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်တွေက အလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ ပါတီဝင်တွေ အဖမ်းခံထားရတာ ၂၇၀ ကျော်ရှိနေပါတယ်။

RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ အပါဝင် ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖမ်းဆီးပြီးနောက်ပိုင်း နာရီပိုင်း၊ ရက်ပိုင်းအတွင်း သေဆုံးခဲ့ရသူ ၅၄ ယောက်ရှိပြီ ဖြစ်ပါတယ်။

သေတဲ့အထိ ပစ်ခတ်ဖမ်းဆီးခံရပြီးတဲ့နောက် အားကိုးရာမဲ့သွားတဲ့ ဦးနိုင်လင်းရဲ့မိသားစုနဲ့ ဝန်ရရွာသူ၊ ရွာသားတွေကတော့ ရပ်ရွာအကျိုး ဦးဆောင်ပေးခဲ့တဲ့ ဦးနိုင်လင်းကို နှမြောတသ ဝမ်းနည်းနေကြပါတယ်။