စစ်မြေပြင်ဖြစ်လာတဲ့ ရန်ကုန်

2021.11.29
စစ်မြေပြင်ဖြစ်လာတဲ့ ရန်ကုန် ရန်ကုန်မြို့လယ်ရှိ ဘန်ကာတစ်ခုတွင် လက်နက်အသင့်ပြင်ပြီး စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ နိုဝင်ဘာ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်မြို့က အချက်အချာကျတဲ့ လမ်းဆုံလမ်းမတွေ၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေ၊ စစ်ကောင်စီပိုင် ဘဏ် တွေရှေ့မှာ သဲအိပ်ဘန်ကာတွေ အထပ်ထပ်ကာထားသလို ဘန်ကာတွေရဲ့ နောက်မှာတော့ မျက်နှာသာဖော် ထားတဲ့ ရဲ ဒါမှမဟုတ် စစ်သားတစ်ဦးဦးက အဆင်သင့်ပစ်ခတ်နိုင်တဲ့ သေနတ်ပြောင်းဝကို လမ်းမဘက်ချိန်ပြီး နေ့ညမပြတ် ကင်းစောင့်နေတာဟာ လက်ရှိရန်ကုန်မြို့ရဲ့ ပြယုဂ်မြင်ကွင်းတစ်ခုလို ဖြစ်နေပါပြီ။

ရဲနဲ့စစ်တပ်ဘက်က မြို့လယ်ခေါင်မှာ အသင့်အနေအထားနဲ့ ကင်းစောင့်နေတဲ့ကြားကပဲ မြို့ပြပြောက်ကျား အဖွဲ့တွေကလည်း ကားနဲ့ရုတ်တရက်ရောက်လာပြီး ကင်းစခန်းတွေကို ပစ်ခတ်တာ ဗုံးခွဲတာတွေ လုပ်လေ့ရှိ တဲ့အတွက် လက်ရှိ ရန်ကုန်ဟာ လျှို့ဝှက်စစ်မြေပြင်ပုံစံ ဖြစ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"လုံခြုံရေးအရ ပြောမယ်ဆိုရင် သူတို့ကိုယ်သူတို့ ကြောက်လာတာ"

မြို့လယ်ခေါင် ဘန်ကာတွေအပြင် သံသယနဲ့ အစစ်အဆေးတွေလည်း များလွန်းတယ်လို့ တမြို့လုံးကို လှည့်လည်သွားလာနေတဲ့ တက္ကစီဆရာ ကိုရဲမင်းက ပြောပါတယ်။

"ဒီစစ်ကောင်စီက နေရာတိုင်းမှာ ဘန်ကာတွေနဲ့ ဘန်ကာတွေ အများကြီးဖြစ်နေတယ်။ သေနတ်တွေ လည်း ချိန်ထားတာ အဆင်သင့်ပုံစံမျိုးတွေ လုပ်ထားတယ်။ မသိရင်ဘဲ ပြည်သူကို တကယ်တိုက်ခိုက် တော့မယ့်ပုံစံနဲ့ အဲလိုပုံစံမျိုးတွေ တွေ့ရတယ်။ အစစ်အဆေးကတော့ ရှိတယ်။ တားပြီးစစ်တယ်။ ဘယ်ကလာတာလဲ ဘယ်ကိုသွားမှာလဲ၊ ကားထဲမှာ သူတို့ ရှာတာပေါ့၊ လိုက်ရှာတာပေါ့ ဘာမှမတွေ့ဘူးဆို ပြန်လွှတ်ပေးတယ်"

ဘန်ကာ ကင်းစခန်းတွေနဲ့ စစ်ကောင်စီတပ်သားတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းနေတဲ့ ရန်ကုန် မြို့ကြီးမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ခုနစ်သန်းကျော်ရှိပြီး ဝမ်းရေးအတွက် နေ့စဉ်အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ရတဲ့ အခြေခံလူတန်းစား အများအပြားရှိပါတယ်။

ပြောက်ကျားတပ်ဖွဲ့တွေဘက်က မြို့ပြတိုက်ပွဲအသွင် စိန်ခေါ်ထားပြီးနောက်ပိုင်း ရန်ကုန်မှာ သဲအိတ်ဘန်ကာ တွေ ပိုမြင့်လာတဲ့အကြောင်း ရန်ကုန်က တိုက်ခန်းတွေမှာ ရေပိုက်ပြင်တဲ့အလုပ်ကို လှည့်လည်လုပ်ကိုင်နေတဲ့ ကိုမောင်သိန်းက ပြောပါတယ်။

"အခုက များတယ်။ ဟိုတုန်းက ဘန်ကာလေးတွေဆိုရင် သူတို့ ခါးတဝက်လောက်အထိပဲ ဘန်ကာ ထားတယ်။ အခုဆိုရင် တိုက်ပွဲမှာ ပစ်မယ့်ပုံစံမျိုး ဘန်ကာကို အပြည့်အဝကာထားပြီးတော့ မျက်နှာ ပေါက်လေးတစ်ပေါက်ပဲ သူတို့လက်နက်လေး ထုတ်လို့ရတဲ့အဆင့်လောက်ပဲ ဖော်ထားတယ်။ ဘန်ကာ တွေကအစ မြှင့်လိုက်တယ်။ လုံခြုံရေးအရ ပြောမယ်ဆိုရင် သူတို့ကိုယ်သူတို့ ကြောက်လာတာ ဘယ်လိုပုံစံ ဖြစ်လာလဲဆိုတာ သူတို့ပဲ သိလိမ့်မယ်။ ပြည်သူ့အမြင်အရ ကြည့်ရရင် သူတို့က လက်ရှိအနေအထား ကတော့ ကျဆုံးခန်း ရောက်တော့မယ်ဆိုတာ သူတို့ကိုယ်တိုင် သိလောက်တယ်။ အရိပ်အကဲတွေကို သိနေတယ်။ ရန်ကုန်မြို့မှာ မြို့ပြတိုက်ပွဲလို့ စိန်ခေါ်ထားပြီးနောက်ပိုင်း ဒီရက်ပိုင်းမှာ ပိုဆိုးလာတယ်"

အဲဒီလို အထပ်ထပ်ကာရထားတဲ့ ဘန်ကာကင်းစခန်းတွေကို အခု နိုဝင်ဘာလထဲမှာပဲ မြို့ပြပြောက်ကျား အဖွဲ့တွေက ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ygn-army.jpg
(ရန်ကုန်မြို့ မြန်မာပလာဇာရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့ရစဉ်)

အလုပ်သာ လုပ်နေရပေမယ့် ဘယ်အချိန် ဘာဖြစ်မယ်မှန်းမသိလို့ စိတ်ကတော့ မဖြောင့်ဘူးလို့ တက္ကစီဆရာ ကိုရဲမင်းက ပြောပါတယ်။

"ကျနော်တို့က ဒီမှာတက္ကစီသမားဆိုတော့ ဘယ်နေရာမှာ ဘယ်လိုဖြစ်မယ်မှန်း မသိဘူး။ လမ်းပေါ်မှာ အမြဲတမ်း သွားနေရတဲ့အတွက်လေ ဒါပေမဲ့ အသက်နဲ့ရင်းပြီးတော့ ကိုယ့်မိသားစု ဝမ်းရေးအတွက် ဒီလိုပဲ ဖြေရှင်းနေရတယ်။ ဖြေရှင်းနေရတာကို စိတ်ကတော့ မဖြောင့်ဘူးပေါ့လေ။ ကိုယ့်အလှည့် ဘယ်တော့ ရောက်မလဲ ဘာလဲ ကိုယ်လည်း မသိဘူးလေ။ ဘယ်နေရာမှာ ဖြစ်မယ်မှန်း ကိုယ်လည်းကြိုပြီးတော့ မသိ ဘူးဆိုတော့ ဒီလိုဆိုတော့ ကံပေါ့။ မထွက်ရင်လည်း စားဖို့သောက်ဖို့က အဆင်မပြေဘူးလေ။ မဖြစ်မနေ ဒီလိုပဲ ထွက်ပြီးရှာနေရတာပဲ"

လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ ပြည်သူတွေကိုလည်း ရဲနဲ့စစ်တပ်က စစ်ဆေးမေးမြန်းတာတွေ ရှာဖွေတာတွေ ဒီရက်ပိုင်းမှာ ပိုများလာတယ်လို့ ကိုရဲမင်းက ပြောပါတယ်။ စစ်တပ်ဟာ ရန်ကုန်မြို့နည်းတူ တခြားမြို့ကြီးတွေရဲ့ အဓိက အချက်အချာကျတဲ့ လမ်းမကြီးတွေမှာလည်း ဘန်ကာကင်းစခန်းတွေ တည် ဆောက်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ တဘက်မှာ သဲအိတ်ဘန်ကာတွေ အသင့်ပစ်ခတ်နိုင်တဲ့ သေနတ်ပြောင်းဝတွေ လှည့်ပြီး ရန်ကုန်မြို့ပေါ်မှာ နေ့ညမပြတ် ကင်းစောင့်နေသလို၊ တဘက်မှာလည်း ရန်ကုန်မြို့က တိုက်ခန်း တွေကို ပိုက်စိပ်တိုက်ရှာဖွေ စီးနင်းပြီးတဲ့နောက် လူသိများထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ Rapper အဆိုတော်တစ်ဦးဖြစ်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့အတူ လူငယ်၊ လူလတ် ၅၀ ကျော်ကို အောက်တိုဘာနဲ့ နိုဝင်ဘာ နှစ်လအတွင်း ဖမ်းဆီးပြီး ရန်ကုန်မြို့ပြတိုက်ပွဲတွေကို ကျူးလွန်သူတွေအဖြစ် စွပ်စွဲထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။