အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်လာဖို့ မလေးရှားဝန်ကြီးချုပ် အလေးထားပြောကြား

မလေးရှားအနေနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာရေးနဲ့ မြန်မာနိင်ငံ အာဆီယံအဖွဲ့မှာ ခွဲခြားမှုမရှိ တင်းပြည့်ပါဝင်လာနိုင်ရေး ကြိုးပမ်းမယ်ဟုဆို။

မလေးရှားနိုင်ငံကို နှစ်ရက်ကြာ အလည်အပတ်ခရီးရောက်နေတဲ့ မြန်မာစစ်တပ်ခန့် အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာ လူပုဂ္ဂိုလ်နိုင်ငံရေးအစုအဖွဲ့အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်လာဖို့ အလေးထားပြောကြားခဲ့တယ်လို့ မလေးရှားအစိုးရ အခြေစိုက်ရာ ကွာလာလာမ်ပူမြို့ ပူထရာဂျာမှာ အောက်တိုဘာ ၈ ရက်နေ့က ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါအေဘရာဟင် (Anwar Ibrahim) က ပြောကြားလိုက်ပါတယ်။

“ဒီခရီးစဥ်နဲ့အတူ မလေးရှားက မိမိနဲ့ မိမိတို့ပါတီအနေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရေးနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝန်းမှာ ခွဲခြားမှုမရှိ ပါဝင်လာနိုင်ရေး အထူးသဖြင့် အာဆီယံအဖွဲ့မှာ တင်းပြည့်ပြန်ဝင်လာရေးကို ဖြစ်နိုင်သမျှကြိုးပမ်းသွားမယ်ဆိုတာ ပြောလိုပါတယ်”လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးထားခံရတဲ့ မလေးရှားရောက် မြန်မာဒုက္ခသည် ၁ သောင်း ၄ ရာကျော်ကို လေကြောင်း၊ ရေကြောင်းတွေကနေ တစ်ဆင့် ပြန်လည်လက်ခံခဲ့တဲ့အတွက် ကျေးဇူးတင် ကြောင်း၊ လက်ရှိ မလေးရှားအကျဥ်းထောင်တွေထဲက နောက်ထပ် ၃၀၀၀ နဲ့ ၄၀၀၀ ကျော်ကိုလည်း သဘောတူထားတဲ့အတိုင်း စိစစ်လက်ခံမယ်လို့လည်း ယုံကြည်ကြောင်းလည်း ပြောပါတယ်။

မြန်မာစစ်တပ်ခန့်အစိုးရ ထုတ်ပြန်ချက်တွေအရ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား နဲ့ ခရီးသွားကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေးအပြင် မလေးရှားရောက် မြန်မာနိုင်ငံသားများအရေး၊ နိုင်ငံ ဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်ရေးနဲ့ အာဆီယံဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအထဲမှာ မလေးရှားရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်ငန်းခွင်လုံခြုံရေး၊ အခွင့်အရေးနဲ့ ဗီဇာ၊ အလုပ် လုပ်ခွင့်ပါမစ်ကိစ္စတွေ့ချောမွေ့ဖို့ ပါဝင်သလို ပြန်ပို့ဖို့ကျန်နေတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ရေးဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံပဋိညာဉ်နဲ့ အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် (Five-Point Consensus) ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဦးမင်းအောင်လှိုင်ဟာ အောက်တိုဘာ ၇ ရက်နေ့မှာ မလေးရှားနိုင်ငံကို နှစ်ရက်ကြာ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိလာတာဖြစ်ပြီး ဝေဖန်ကန့်ကွက်ရှုတ်ချနေတွေရှိနေစဥ် မလေးရှားနိုင်ငံကို ခရီးရောက်ရှိလာတာ ဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်နဲ့ မလေးရှားဝန်ကြီးချုပ်တွေ့ဆုံနေချိန်မှာ မြန်မာနိုင်ငံသားတွေနဲ့ မလေးရှားနိုင်ငံသား တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး ဒီခရီးစဉ်ကို ကန့်ကွက်ကြောင်း ကွာလာလမ်ပူမြို့မှာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီဆန္ဒပြပွဲမှာ မလေးရှားလွှတ်တော်အမတ်ဟောင်း ဝိုင်ဘီဝမ်ချမ်း (YB Wong Chen) က ဦးဆောင်ခဲ့ပြီး မြန်မာနိုင်ငံသားတွေနဲ့ မလေးရှားနိုင်ငံက လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ရာခန့် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မြန်မာအလုပ်သမားတွေဟာ တစ်ရက်တာ အလုပ်မဆင်းတဲ့ သပိတ်ကို ပြုလုပ်ခဲ့ပြီး ကွာလာလမ်ပူမြို့တင်မက ပီနန်း၊ အီပေါနဲ့ ဂျိုဟိုးတို့က စက်ရုံတွေမှာလည်း မြန်မာအလုပ်သမားတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ သမ္မတဦးမင်းအောင်လှိုင်နဲ့ မလေးရှားကို တရားမဝင် လာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိ လုံခြုံဘေးကင်းစွာ မြန်မာပြည်ပြန်ပို့ရေး အပါအဝင် နှစ်နိုင်ငံကြား ကိစ္စရပ်တွေဆွေးနွေးဖို့ရှိပါတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။