ဒီဇင်ဘာလအတွင်း လူငယ် နှစ်ရာကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

RFA Burmese
2024.12.17
ဒီဇင်ဘာလအတွင်း လူငယ် နှစ်ရာကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်း တက်ရောက်ရန် လာရောက်ကြသူများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Telegram/Pyithusitt

မန္တလေးတိုင်းအတွင်း မြို့နယ်တချို့နဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအတွက် ဒီဇင်ဘာလအတွင်း လူငယ် နှစ်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

မန္တလေးသပိတ်အင်အားစုအဖွဲ့ရဲ့ ဒီဇင်ဘာလ ၁၆ ရက် ထုတ်ပြန်ချက်အရ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်တွေမှာ ဒီဇင်ဘာလ ၁ ရက် နေ့ကနေ ၁၅ ရက်နေ့အတွင်း လူငယ် ၁၂၅ ဦး ဖမ်းဆီးခံထားရပါတယ်။ မြင်းခြံမြို့နယ်မှာ လူပေါင်း ခြောက်ဆယ်ခန့်နဲ့ ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေမှာလည်း လူငယ် ငါးဆယ်ခန့် ဒီလအတွင်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မန္တလေးသပိတ်အင်အားစုအဖွဲ့ စာရင်းအရတော့ ပြည်ကြီးတံခွန်နဲ့ ပုသိမ်ကြီးမြို့နယ်မှာ ဖမ်းဆီးခံရတာ အများဆုံးပဲလို့ ဖော်ပြထားပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး လူငယ်တွေကိုစစ်မှုထမ်းဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဖမ်းဆီးနေတာလို့ မန္တလေး သပိတ်အင်အားစုအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကကတော့ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ပေါ်တာဆွဲတဲ့နေရာမှာ အဓိက ပါဝင်ကူညီပေးနေတာက ရပ်ကွက်တိုင်းမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီးတော့ ပါဝင်နေတာပေါ့။ ဒီလမှာ ဒီရပ်ကွက်ကို လူဘယ်နှယောက် မင်းရအောင် ခေါ်ပေးရမယ်ဆိုလို့ရင် သူတို့တွေက ဧည့်စာရင်းစစ်ရင်းနဲ့ ဝင်ဆွဲတယ်။ ပြီးရင် ညသန်းခေါင်ကျမှ စစ်မှုထမ်းဖို့ပါလို့ပါဆိုပြီး ဝင်ဆွဲတယ်။ လူငယ်ယောက်ျားလေးတွေများတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ တွေ့လို့ရင်လည်း ဝင်ဆွဲတယ်ပေါ့နော်။ အဲလို ဖမ်းခေါ်သွားပြီဆိုလို့ရင်လည်း မိသားစုနဲ့ အဆက်အသွယ် ပေးမလုပ်ဘူး။ သူတို့ ဘယ်ရောက်နေလဲ ဘာလုပ်နေလဲ ဆိုတာကိုလည်း သူတို့ (မိသားစု) ကို လုံးဝ ပေးမသိတာမျိုးတွေပေါ့နော်”

အရင် စစ်မှုထမ်း အပတ်စဥ်တွေမှာ အဖမ်းခံရသူတွေကို ငွေပေးပြီး ပြန်ရွေးလို့ရခဲ့ပေမဲ့ အခုနောက်ပိုင်း ဖမ်းဆီးခံရပြီးရင် ပြန်ထုတ်လို့မရကြဘူးလို့ ဆိုပါတယ်။

“ဧည့်စာရင်း အကြောင်းပြ၊ ဖမ်းဆီးတာရှိသလို လူငယ်တွေ ရှိတတ်တဲ့ နေရာတွေမှာ ပစ်မှတ်ထား ဖမ်းဆီးနေပါတယ်”

မန္တလေး သပိတ်အင်အားစုအဖွဲ့က ထုတ်ပြန်ထားတဲ့ အရေအတွက်ဟာ သတင်းမီဒီယာတွေနဲ့ ဒေသတွင်း အခြေအနေတွေကို ဖော်ပြနေတဲ့ အဖွဲ့အစည်းတွေဆီကနေ စာရင်းပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်မက များနိုင်တယ်လို့လည်း အဲဒီအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေဟာ နေ့လယ်ပိုင်းမှာပါ လှည့်ပတ်ပြီး စစ်ဆေးဖမ်းဆီးနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ကင်းလှည့်နေသည့် ရဲကားများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ တွေ့ရစဥ်။ (RFA Photo)
မန္တလေးမြို့မှာ ကင်းလှည့်နေသည့် ရဲကားများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ တွေ့ရစဥ်။ (RFA Photo)

ဧည့်စာရင်း အကြောင်းပြ၊ ဖမ်းဆီးတာရှိသလို လူငယ်တွေ ရှိတတ်တဲ့ နေရာတွေမှာ ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေး မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြောက်ပြင်မှာဆိုလို့ရင် ရပ်ကွက်တစ်ခုက အုပ်ကြီးမက သူတို့ဘက်က စကားနဲ့ပြောရင် ဖိဖိစီးစီး ဆောင်ရွက်နေတယ်ပေါ့နော်။ စစ်ကားတွေ ရဲကားတွေ ခေါ်ထားပြီးတော့ ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ အဲဒီလိုမျိုး ခေါ်သွားတယ်ပေါ့။ နောက်တစ်ခုကတော့ စားသောက်ဆိုင်တွေ ဘီယာဆိုင်တွေ ဘားတွေပေါ့။ အထူးသဖြင့် လူငယ်တွေရှိနိုင်တဲ့ ဘားတွေမှာ အင်ဖော်မာ (သတင်းပေး) တွေ ထားပြီးတော့ ဆိုင်အထွက်တွေမှာ ဖမ်းတယ်ဆိုတာ သိရတယ်”

စစ်မှုထမ်းဖို့ ဖမ်းဆီးခံမှုတွေ ဒီရက်ပိုင်း ပိုများလာတာကြောင့် ခရီးသွားလာတာတွေနဲ့ ပျော်ပွဲရွှင်ပွဲ သွားလာတာတွေကို သတိပြုကြဖို့ မန္တလေး သပိတ်အင်အားစုအဖွဲ့က တိုက်တွန်းထားပါတယ်။

တိုက်ပွဲ မကြာခဏဖြစ်နေတဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူပေါင်း ခြောက်ဆယ်ခန့် ပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့ မြင်းခြံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာဘက်ကလာတဲ့ စျေးကားတွေပေါ်ကနေလည်း ဆွဲတယ်။ စျေးပတ်ပတ်လည်ကို လိုက်ချောင်းပြီးဆွဲတယ်။ လက်ဖက်ရည်ဆိုင်ထဲက လူငယ်တွေ ဝင်ဆွဲတယ်။ နောက်တစ်ခါ ဆံပင်ညှပ်ဆိုင်ထဲက ဆံပင်ညှပ်ဆိုင်မှာ ရှိတဲ့ကလေးတွေ ဝင်ဆွဲတယ်။ အဲဒါခြောက်ဆယ်လောက် ပါသွားတယ်ပြောတယ် မနက်ခင်းတင်။ ကျွန်တော့်သားဆိုရင် ၂၂ နှစ်ရှိတယ်။ သူ့ဆိုရင် အပြင်ထွက်ဖို့ မပေးဘူး။ အဲဒီလောက်ထိအောင် ကလေးတွေကို စိုးရိမ်စိတ်ရှိတာ”

မြင်းခြံမြို့ပေါ်မှာ ပျူစောထီးအဖွဲ့တွေက ဦးဆောင်ဖမ်းဆီးတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ပြန်လွတ်လာသူ မရှိသေးဘူးလို့ ဆိုပါတယ်။

မန္တလေး၊ စဥ့်ကိုင်၊ တံတားဦး၊ မြင်းခြံနဲ့ ညောင်ဦးအပြင် စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်က မြို့နယ်အချို့မှာလည်း စစ်မှုထမ်းဖို့အတွက် လူငယ်တွေ ဆက်တိုက် ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုနောက်ပိုင်းမှာ ငွေကြေးချမ်းသာသူတွေကို ပစ်မှတ်ထား ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးယူနေရပါတယ်”

ပဲခူးတိုင်းအနောက်ခြမ်းက ဒေသခံတွေ ပြောပြချက်အရ သုံးဆယ်၊ ရွှေတောင်၊ ပန်းတောင်း၊ ကြို့ပင်ကောက်နဲ့ အုတ်ဖို စတဲ့မြို့နယ်တွေမှာ ဒီဇင်ဘာလအတွင်း လူငယ်ငါးဆယ်ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ရွာတွေဘက်မှာ အရင်က စစ်မှုထမ်းဖို့ မဲနှိုက်ရွေးကြပေမဲ့ အခုနောက်ပိုင်းမှာ ငွေကြေးချမ်းသာသူတွေကို ပစ်မှတ်ထား ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးယူနေရတယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုလူအေးက RFA ကို ပြောပါတယ်။

“အဓိက ကတော့ တောက နည်းနည်းချမ်းသာတဲ့ လူငယ်တွေပေါ့။ ဆွဲခေါ်ပြီးရင် တော်ရုံ ဆယ့်လေးငါးသိန်းဆို မပြောလိုဘူး။ အခုကျတော့ သိန်းခုနစ်ဆယ်ကနေ မဆင်းတော့ဘူး။ အကုန်လုံး သိန်းခုနစ်ဆယ်ပေး။ သုံးယောက် နှစ်ရာ။ နောက်ဆုံး လေးဆယ်လောက်ထိ ဆင်းပေးတယ် ထင်တယ်။ ဒါမျိုးတွေ ပေါက်စျေးတစ်ခုလို လုပ်နေတာပေါ့နော်။ ဆိုတော့ ငွေပေးနိုင်တဲ့သူက အဆင်ပြေတယ်။ နောက်ဆုံး တစ်ပြားမှမပေးနိုင်ဘူး။ လုပ်ချင်တာလုပ် မပေးလည်း လုပ်မှာပဲဆိုရင် အဲဒီလိုကလေးတွေကို သူတို့ စစ်မှုထမ်းထဲ ထည့်လိုက်တယ်ပေါ့”

မန္တလေးမြို့က ဆန္ဒပြသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းကတော့ စစ်ကောင်စီဟာ သူတို့စိုးမိုးထားနိုင်တဲ့နေရာတွေမှာ အတင်းအကျပ် လူသစ်စုဆောင်းနေတာလို့ RFA ကို ပြောပါတယ်။

“တစ်နိုင်ငံလုံးမှာလည်း ဖက်ဆစ်ရဲ့ ခါးပိုက်ဆောင် စစ်သား၊ ရဲသားတွေရဲ့ ကျဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေကလည်း နေ့စဥ်နဲ့အမျှ အချိန်နဲ့အမျှ ဆိုသလိုပေါ့။ ဒီလိုအခြေအနေမှာတော့ ဖက်ဆစ်တပ်ကြီး အင်အားပြန်ဖြည့်နိုင်ဖို့ရာအတွက် အတင်းအဓမ္မ အခုလိုပေါ့ ရရာနည်းနဲ့ အကြမ်းဖက်နည်းနဲ့ပဲ သူတို့ လူသစ်စုဆောင်းနေရတဲ့ အခြေအနေပါပဲခင်ဗျ။ အဲဒီတော့ သူတို့သြဇာ လွှမ်းမိုးလို့ရတဲ့ ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာတော့ အတင်းအဓမ္မ လူသစ်စုဆောင်းတဲ့ လုပ်ရပ်တွေက ပိုပြီးတော့ ထင်သာမြင်သာစွာ တွေ့ရတာပေါ့ခင်ဗျ”

ပြည်သူတွေအနေနဲ့ ရရာနည်းလမ်းနဲ့ ဆန့်ကျင်ကြဖို့လည်း ဒေါက်တာ တေဇာစန်းက တိုက်တွန်းပါတယ်။


ဆက်နွှယ်သောသတင်းများ

ညောင်ဦးမှာ စစ်မှုထမ်းသင်တန်းအတွက် အရပ်သား တစ်ရာဝန်းကျင် ဖမ်းဆီးခံရ

တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်မှုထမ်းအကြောင်းပြပြီး ငွေကြေးကောက်ခံနေ

စစ်မှုထမ်းခေါ်တာကြောင့် လူငယ်တွေရဲ့ ကုန်လုပ်စွမ်းအား ဆုံးရှုံးလာ


တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖမ်းဆီးခံရသူအရေအတွက် အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က နိုင်ငံတစ်ဝန်း စစ်သင်တန်း ၂၃ ကျောင်းမှာ စစ်မှုထမ်းအမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ရှိနေတယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းအမှတ်စဥ် (၁) မှာ သတ်မှတ်ထားတဲ့အရေအတွက် ငါးထောင် စုဆောင်းနိုင်ခဲ့ပြီး အမှတ်စဥ် (၂)၊ (၃)၊ (၄) နဲ့ (၅) မှာတော့ လေးထောင်ကျော်ပဲ စုဆောင်းနိုင်ခဲ့တာကြောင့် အတင်းအဓမ္မ ဖမ်းဆီးပြီး စုဆောင်းတာ၊ ငွေကြေးနဲ့ငှားရမ်းပြီး လူစားထိုးတာတွေ ရှိတယ်လို့ BACS က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။