TNLA နဲ့ စစ်ကောင်စီတို့ ကူမင်းမှာ တွေ့ဆုံဖို့ရှိကြောင်း နီးစပ်သူတွေပြော

RFA Burmese
2025.01.30
TNLA နဲ့ စစ်ကောင်စီတို့ ကူမင်းမှာ တွေ့ဆုံဖို့ရှိကြောင်း နီးစပ်သူတွေပြော ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် တွေ့ရစဉ်။
Telegram/ PSLF/TNLA News

စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မကြာခင်မှာတွေ့ဆုံဖို့ ရှိနေကြောင်း မြောက်ပိုင်း ညီနောင်သုံးဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

တွေ့ဆုံမဲ့နေ့ကို တိတိကျကျမပြောနိုင်သေးပေမဲ့ လာမဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ အဲဒီဆွေးနွေးပွဲအတွက် အခုရက်ပိုင်းတွေအတွင်း အကြိုညှိနှိုင်းမှု တချို့ရှိနေတယ်လို့လည်း TNLA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူ တချို့က ပြောပါတယ်။

TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ တိတိကျကျထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

"တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်လို့ကတော့ ကျွန်မတို့ ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ လူထုတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို တွေ့ဆုံဖြေရှင်းနိုင်ဖို့ ကျွန်မတို့ အဆင့်သင့်ရှိပါတယ်။ ဆွေးနွေးမှုကတော့ ဘယ်တော့စမယ်ဆိုတာ မပြောတတ်သေးဘူပေါ့နော့်။ အခုထက်ထိတော့ ဘာမှ သတင်းမကြားရသေးပါဘူး"

TNLA အနေနဲ့ မတရားအသင်းအဖြစ်ကြေညာခံထားရတာကို ပယ်ဖျက်ပေးဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ အဓိက တောင်းဆိုနေတာပါ။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီကိုယ်စားလှယ်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်က တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ အပစ်အခတ်ရပ်စဲခဲ့ကြတာပါ။ အဲဒီနောက် TNLA နဲ့ပါ ဆက်လက်တွေ့ဆုံဖို့ စီစဉ်နေကြတာလို့လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ နီးစပ်သူတွေကပြောပါတယ်။

လက်ရှိမှာတော့ TNLA ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာပါ။

TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို ဇန်နဝါရီ ၂၁ နဲ့ ၂၂ ရက်တွေက စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာမှာ လက်ဖက်ရည်ဆိုင် ထိုင်နေသူတွေ အပါအဝင် အရပ်သား ဆယ်ဦးသေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။ အလားတူ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ဆေးရုံနဲ့ ခရိုင်အုပ်ချုပ်ရေးရုံးတွေကိုလည်း ဇန်နဝါရီ ၂၅ နဲ့ ၂၇ ရက်နေ့တွေက လေကြောင်းကနေ ဗုံးကြဲခဲ့ရာမှာ CDM ဆရာမ နှစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး ဆေးရုံတက်လူနာ နှစ်ဆယ်ကျော် အပါအဝင် လူ ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

"ဆွေးနွေးပွဲ လုပ်ကာနီး စကားပြောကာနီးဆိုရင် လေကြောင်းတိုက်ခိုက်မှုက ပုံမှန် ခြိမ်းခြောက်ပြီးတော့ လုပ်တဲ့သဘောလို့ပဲ မြင်ပါတယ်ခင်ဗျ"

TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာဟာ ဆွေးနွေးပွဲမှာ အသာစီးရအောင် စစ်ကောင်စီက ဖိအားပေးတာလို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

"TNLA နဲ့ စစ်ကောင်စီက တရုတ်ရဲ့ ဖိအားနဲ့ တွေ့ဆုံဖို့တော့ ရှိတယ်။ ဒါပေမဲ့ တွေ့ဆုံပွဲ ရလဒ်ကတော့ အဆင်ပြေလာစရာအကြောင်း ဘယ်လိုမှ မရှိဘူးပေါ့နော်။ သူတို့ ဒီစကား ပြောကာနီးမှာဆိုရင် လေကြောင်းကနေ တိုက်ခိုက်ပြီးတော့ ဖိအားပေးတာမျိုးတွေက လုပ်တတ်ပါတယ်။ ဒါဆွေးနွေးပွဲ လုပ်ကာနီး စကားပြောကာနီးဆိုရင် လေကြောင်းတိုက်ခိုက်မှုက ပုံမှန် ခြိမ်းခြောက်ပြီးတော့ လုပ်တဲ့သဘောလို့ပဲ မြင်ပါတယ်ခင်ဗျ"

ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူတစ်ဦးကို RFA ကို ဆက်လက်မေးမြန်းရာမှာ လက်ရှိ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဆွေးနွေးပွဲနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။

"ဆွေးနွေးပွဲအတွက်လို့တော့ ပြောလို့မရဘူး။ ဆွေးနွေးပွဲက ယာယီ အပစ်ရပ်မယ်။ စစ်သုံ့ပန်းတွေ လွှတ်ပေးမယ် ဒါမျိုးတွေတော့ ဖြစ်မယ်ပေါ့နော်။ အခုနက ကျောက်မဲတို့၊ နောင်ချိုတို့ဆိုတာ တောင်ခမ်းရဲ့ နောက်က ထောက်ပံ့ပို့ဆောင်ရေး လုပ်နေတဲ့နေရာဆိုတော့ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘူး။ လုပ်ကိုလုပ်ရမယ့်နေရာ ဖြစ်နေတယ်။ သူတိုတွေက ဒီတစ်မျက်နှာတည်း မဟုတ်ဘူး။ သပိတ်ကျင်းတို့ ဘာတို့ဘက်လည်း ပါနေတာကိုး။ မိုးကုတ်ဘက်အခြမ်းတွေလည်း ပါနေတယ်လေ"


ဆက်နွှယ်သောသတင်းများ

လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာဖို့ TNLA သတိပေး

ကျောက်မဲမှာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဖုန်းနဲ့ အင်တာနက်သုံးခွင့် TNLA ကန့်သတ်

TNLA ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်တွေကို တရုတ် ဆက်လက်ပိတ်ထား


TNLA ထိန်းချုပ်ရာ နယ်မြေတွေကဒေသခံတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်ကို နေ့စဉ် စိုးရိမ် ထိတ်လန့်နေကြရတာကြောင့် နှစ်ဖက်ဆွေးနွေးမှုပြေလည်ဖို့ မျှော်လင့်တယ်လို့ ကျောက်မဲ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပထမအချက်ကတော့ လူတွေသေကြေတဲ့ ကိစ္စပေါ့နော်၊ ဒါစိတ်မကောင်းစရာပေါ့နော်။ အဖြစ်ဆိုးနဲ့ ကြုံရတာပေါ့။ နောက်တစ်တစ်ခု မြို့ရဲ့ အဆောက်အအုံတွေ၊ ဆေးရုံဆိုလို့ရှိရင်လည်း သိပ်လှတဲ့ ဆေးရုံပေါ့ ရှမ်းပြည်နယ်မှာ။ မြို့ပြရဲ့ သမိုင်းဝင်ပုံရိပ်တွေ ထိခိုက်ရသလို မြို့သူမြို့သားတွေ အသက်အန္တရာယ် ထိခိုက်ရတဲ့အပေါ်မှာ စိတ်မကောင်းစရာ ဖြစ်ရတယ်။ ဒီဟာကြီးကို ငြင်းဆန်လို့ မရသလို ကျော်လွှားသွားလို့လည်းမရတဲ့ ဖြတ်သန်းရမှာပဲ၊ ရင်ဆိုင်ရမယ်ဆိုတာပဲ သိတယ်ပေါ့နော်။ အသံလေးတွေ ကြားနေရတာတော့ ဆွေးနွေးကြမယ်ဆိုတဲ့ အသံလေးတွေ ကြားနေရတာ ပြေလည်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ဝင်မိတယ်ပေါ့နော်"

လက်ရှိမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ်မြို့တွေကို TNLA က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ယာယီ ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေဟာ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်တွေ သိခွင့် ဆုံးရှုံးနေရပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ် (မန့်ဝိန်း) ဂိတ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Screenshot: Citizen Video)
တရုတ်-မြန်မာနယ်စပ် မူဆယ် (မန့်ဝိန်း) ဂိတ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Screenshot: Citizen Video)

စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ အပစ်ရပ်ပြီးနောက် တရုတ်ဘက်က ကိုးကန့်ဒေသနဲ့ တရုတ်နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပြီး ကုန်စည်သယ်ဆောင်ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ TNLA ထိန်းချုပ်ဒေသ နမ့်ခမ်းမြို့နယ်အတွင်းက နယ်စပ်ဂိတ်ကိုတော့ တရုတ်နိုင်ငံဘက်က ဆက်လက် ပိတ်ထားသလို စစ်ကောင်စီဘက်ကလည်း TNLA ထိန်းချုပ်နယ်မြေတွေကို စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာ သယ်ဆောင်ခွင့်တွေကို ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA အနေနဲ့ မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းပြည်နယ် အတွင်းက မြို့ပေါင်း ၁၁ မြို့ကို သိမ်းပိုက်ထားတာပါ။ အဲဒီထဲက ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်မြို့တွေဟာ တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းတွေပေါ်မှာ ရှိနေပါတယ်။

တရုတ်နိုင်ငံက MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ဖို့ ဖိအားပေးနေသလိုမျိုး တအာင်းတပ်ကိုလည်း ကုန်သွယ်ရေး လမ်းကြောင်းတွေပေါ်မှာရှိတဲ့ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့တွေကနေ ပြန်ဆုတ်ဖို့၊ စစ်သုံ့ပန်းတွေ ပြန်လွှတ်ဖို့နဲ့ PDF တွေကို ဆက်လက်မထောက်ပံ့ဖို့ ဆွေးနွေပွဲမှာ ဖိအားပေးလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။