မြန်မာလူ့အခွင့်အရေးအခြေအနေဆုံးဖြတ်ချက်ကို ကုလလူ့အခွင့်အရေးကောင်စီအတည်ပြု

ဘယ်နေရာဒေသက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စေ မြန်မာစစ်တပ်သည်သာ ပင်မတာဝန်ရှိတယ်လို့ ဗြိတိန်က ခံယူထားဟုဆို။

မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားတိုင်းရင်းသားများရဲ့ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဇူလိုင်လ ၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

ဒီအစီအရင်ခံစာမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေအပါအဝင် တိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရင်းအမြစ်ကနေ ရှာဖွေပြီး ထိထိ‌ရောက်ရောက်ဖြေရှင်းပေးဖို့၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာရှိရှိပြန်လာခွင့်ရဖို့ စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒီအဆိုမူကြမ်းကို အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မူကြမ်းရေးတင်သွင်းတာဖြစ်ပြီး မဲခွဲစရာမလိုဘဲ ဆုံးဖြတ်ချက်ချ အတည်ပြုခဲ့တာလို့ လူ့အခွင့်အရေးကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

OIC အဖွဲ့ကတော့ ဒီလို အတည်ပြုခဲ့တာကို ကြိုဆိုလိုက်ပြီး ဒီအစီအရင်ခံစာကို ရိုဟင်ဂျာမူဆလင်တွေ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေးကောင်စီက သတိမူဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်တင်သွင်းခဲ့တာဖြစ်ကြောင်း၊ အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျ ခွဲခြားဆက်ဆံပြီး တစ်သီးတစ်သန့် ဖိနှိပ်ခဲ့တာကို တင်ပြလိုတာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး ယာယီတာဝန်ခံ အင်ဒရူးဂျက်ဆင် (Andrew Jackson ) ကတော့ ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ဘယ်နေရာဒေသမှာပဲ ဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စေ ဖြေရှင်းရေးကို ထောက်ခံ သွားမှာဖြစ်ပြီး မြန်မာစစ်တပ်သည်သာ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ အဓိက တာဝန်ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ခံယူထားကြောင်း ကောင်စီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်များက တင်ပြတဲ့ မြန်မာနိုင်ငံက ယိုယွင်းဆိုးဝါးနေတဲ့ အခြေအနေတွေကို အဆက်မပြတ်ကြားသိနေရပြီး ရိုဟင်ဂျာမူဆလင်တွေအပါအဝင် တိုင်းရင်းသားလူနည်းစုတွေ စစ်ဖိနပ်အောက်မှာ ကြောက်မက်ဖွယ် လူ့အခွင့်အ‌ရေးချိုးဖောက်နေတာတွေကို ကြားသိထားပြီးဖြစ်ကြောင်း၊ ဒီအထဲမှာ ရွေးကောက်ပွဲကာလ စီမံချက်ကြောင့် လူ ၇၀၀ ကျော်သေဆုံးခဲ့ရပြီး ၅၀၀ နီးပါးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဆိုတာ သိရကြောင်းလည်း မစ္စတာဂျက်ဆင်ရဲ့ ပြောကြားချက်မှာ ပါရှိပါတယ်။

မြန်မာစစ်အာဏာပိုင်တွေကတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအစီအရင်ခံစာတွေဟာ မြန်မာနိုင်ငံအတွက် အကျိုးမရှိဘဲ နိုင်ငံတကာမှာ အထင်အမြင်လွဲမှားစေတဲ့ ပြောဆိုမှုတွေလို့ ၂၀၂၄ နှစ်ကုန်က တုံ့ပြန်ထားပါတယ်။