စက်သုံးဆီကို မှောင်ခိုဈေးနဲ့ နှစ်ဆပေးဝယ်နေရလို့ လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်နေ

RFA Burmese
2024.08.22
စက်သုံးဆီကို မှောင်ခိုဈေးနဲ့ နှစ်ဆပေးဝယ်နေရလို့ လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်နေ သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီရရန် တန်းစီစောင့်ဆိုင်းနေသည့် ဆီသယ်ယာဉ်များကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်၊ မန္တလေးနဲ့ ဧရာ၀တီတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ ဩဂုတ်လ ဒုတိယပတ်ကစပြီး စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆီဆိုင်တွေမှာ ဝယ်ယူဖို့ခက်ခဲပြီး မှောင်ခိုဈေးကွက်ကနေ ပေါက်ဈေးထက် နှစ်ဆ ပေးဝယ်ယူနေရတယ်လို့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဈေးနှစ်ဆပေးဝယ်ရပေမဲ့လည်း လိုသလောက်ဝယ်ယူမရတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ နေ့စဉ် စက်သုံးဆီအသုံးပြုနေရသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က ရန်ကုန်မြို့မှာရှိတဲ့ စက်သုံးဆီရောင်းဝယ်သူတွေဟာ ပရီမီယမ်ဒီဇယ် တစ်ပီပါကို ငွေကျပ် ၁၃ သိန်းခွဲအထိ မှောင်ခိုဈေးနဲ့ ဈေးတင်ရောင်းခဲ့ပါတယ်။

“လုပ်ငန်းကတော့ ဘာပြောကောင်းမလဲဗျာ။ ခက်ခဲသလား မမေးနဲ့။ အလုပ်သမားတွေအတွက် မနည်း ရပ်တည်နေရတာ"

ဒီနေ့အထိလည်း တစ်ပီပါကို ၁၁ သိန်း ၅ သောင်းနဲ့ ဝယ်ယူနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် စက်မှုဇုန်မှာရှိတဲ့ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ ပတ်သက်ရာပတ်သက်ကြောင်းတွေကပဲ နာမည်သာမခံတာပေါ့။ မှောင်ခိုကလည်း အစ်ကိုရာ ပြောမယ်ဆိုရင် သူတို့ပဲလုပ်နေတာပေါ့။ အဲဒီလိုမျိုးပေါ့။ ဒီသီလဝါကနေပြီးပဲ ကျွန်တော်တို့ကို လာလာပို့ပေးနေတာပေါ့။ တစ်ပီပါကို ပထမက လွန်ခဲ့တဲ့နှစ်ပတ်လောက်က ခြောက်သိန်းပေါ့။ အခုဒီနေ့ဆိုရင် တစ်ဆယ့်တစ်သိန်းခွဲလောက်ပေါက်တယ် အစ်ကို။ ပုံမှန်ဆိုလို့ရှိရင်ဗျာ အရင်တုန်းက ခြောက်သိန်းပေးလို့ရှိရင် အစ်ကိုရာ ဒီဇယ်တစ်လုံးလိုလို နှစ်လုံးလိုလို ချက်ချင်းဝယ်လို့ရတာပေါ့နော်။ အခုကျတော့ ချက်ချင်းလည်း ဝယ်လို့မရဘူး။ ပိုက်ဆံလည်း အများကြီးပေးရတယ်။ အဲဒီလိုမျိုးပေါ့။ တစ်ပတ်လောက်နေတော့မှ တစ်လုံးလောက်ပဲ ဝယ်လို့ရတယ်ဆိုတော့ အလုပ်တောက်လျှောက်ရှိတဲ့ လုပ်ငန်းတွေဆိုလို့ရှိရင်တော့ အစ်ကိုရယ် လည်ပတ်ဖို့ကျတော့ မလွယ်ဘူးပေါ့”

မန္တလေးမြို့ရှိ BOC စက်သုံးဆီဆိုင်တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
မန္တလေးမြို့ရှိ BOC စက်သုံးဆီဆိုင်တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

မန္တလေးမြို့မှာလည်း မှောင်ခိုဈေးကွက်ကနေ ဒီဇယ်တစ်လီတာကို ငွေကျပ် ခြောက်ထောင်ခန့်နဲ့ ဝယ်ယူနေရတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ မန္တလေးမြို့ခံ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“လုပ်ငန်းကတော့ ဘာပြောကောင်းမလဲဗျာ။ ခက်ခဲသလား မမေးနဲ့။ အလုပ်သမားတွေအတွက် မနည်း ရပ်တည်နေရတာ။ လုပ်ငန်းရှင်အချင်းချင်း တစ်ခါတလေကျတော့ မင်းအခြေအနေဘယ့်နှယ့်လဲ ငါကတော့ မနည်းတောင့်ခံနေရတာ။ မင်းအခြေအနေရော ငါလည်း မနည်းတောင့်ခံနေရတာ ဒါအကုန်လုံး ဒီစကားချည်းပဲ။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် တို့နားတော့မယ်ပေါ့”

ဧရာ၀တီတိုင်းက ဖျာပုံ၊ ဘိုကလေး၊ မြန်အောင်နဲ့ မြောင်းမြမြို့နယ်တွေမှာလည်း စက်သုံးဆီပြတ်လပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ရန်ကုန်မြို့မှာ စက်သုံးဆီပြတ်လပ်မှု ဆိုးရွားလာ

စက်သုံးဆီပြဿနာ မပြေလည်သေးဘဲ အချိန်ကြာ တန်းစီဝယ်ယူနေရဆဲ

မန္တလေးနဲ့ တောင်ကြီးမှာ စက်သုံးဆီပြတ်လပ်မှု ဆိုးရွားစွာ ကြုံနေရ


တစ်ပီပါကို အရင်ထပ်ငါးသိန်းခန့် ဈေးတက်သွားပေမဲ့ ပြန်ရောင်းဖို့အတွက် ပီပါလိုက်ဝယ်လို့မရတော့ဘဲ ပုံးနဲ့သာ ဝယ်လို့ရတော့တယ်လို့ ဘိုကလေးမြို့နယ်မှာ ဆီလက်လီရောင်းချနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဓာတ်ဆီဆိုရင် တစ်ဘူးကို လေးထောင်ကျော်လောက် သွားကျတယ်။ ဒီမှာ ပြန်ရောင်းတဲ့သူတွေက ငါးထောင်လောက်ရောင်းမှ ရတာပေါ့။ တစ်ပီပါကို ငါးသိန်းပတ်လည်လောက်တော့ ကုန်တာပေါ့။ ဒီဇယ်ကတော့လည်း အဲဒီလောက် တက်သွားတယ်။ ဒီဈေးတွေနဲ့လည်း သိပ်အများကြီးလည်း မဝယ်ကြသလို မဖြစ်မနေလောက် သုံးမယ့်သူကတော့ ဝယ်ရတယ်လေ။ အများကြီးတွေတော့ အရင်လို မဝယ်ကြတော့ဘူးပေါ့။ မကြီးတို့လည်း အဲဒီလို ဝယ်မရောင်းနိုင်တော့ဘူးလေ။ နည်းနည်းနည်းနည်းပဲ ပုံးလေးနဲ့ပဲ ဝယ်ရောင်းတော့မှာ အဲဒီလိုမျိုး”

စစ်ကောင်စီရဲ့ ဩဂုတ်လ ၂၂ ရက်နေ့ သတ်မှတ်ဈေးက ရန်ကုန်မြို့မှာ အောက်တိန်း ၉၂ အမျိုးအစား စက်သုံးဆီ တစ်လီတာကို ၂၉၉၀ ကျပ်နဲ့ အောက်တိန်း ၉၅ အမျိုးအစားစက်သုံးဆီ တစ်လီတာကို ၃၁၄၀ ကျပ်ဖြစ်ပါတယ်။

သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီရရန် တန်းစီစောင့်ဆိုင်းနေသည့် ဆီသယ်ယာဉ်များကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီရရန် တန်းစီစောင့်ဆိုင်းနေသည့် ဆီသယ်ယာဉ်များကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါပေမဲ့ လုပ်ငန်းသုံးဖို့အတွက် စက်သုံးဆီကိုတော့ လိုသလောက်မရတာကြောင့် ခြောက်သိန်းကျော်ပဲရှိတဲ့ တစ်ပီပါအတွက် ဒီနေ့အထိ မှောင်ခိုဈေးနဲ့ ဆယ်သိန်းအထက်ပေးပြီး ဝယ်ယူနေရဆဲဖြစ်ပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ စက်သုံးဆီဈေးကို ထိန်းချုပ်ထားတာကြောင့် စက်သုံးဆီပြတ်လပ်မှုတွေ ပိုပြီးဆိုးရွားလာတာလို့ RFA ကို ပြောပါတယ်။

“ဆီဆိုင်ပိုင်ရှင်တွေကျတော့ သူတို့က သူတို့ဘာသူတို့ အပြင်ဒေါ်လာပေါက်ဈေးနဲ့ သူတို့ဘာသူတို့ သွင်းမယ်။ နောက် ဒီဆီဆိုင်တွေမှာရောင်းတဲ့ ဆီဈေးနှုန်းကိုပေါ့နော်။ သူတို့ဘာသူတို့ သတ်မှတ်မယ်ပေါ့။ အဲဒီလိုမျိုးဆိုရင်တော့ အစ်ကိုရာ ဆီဈေးတော့တက်သွားမယ်။ ဒါပေမဲ့ ဆီကတော့ လွယ်လွယ်ကူကူ ဖြစ်သွားမယ်ပေါ့။ အဲဒီလိုဟာမျိုးကိုလည်း လက်ရှိ စကစက လက်မခံဘူး။ သူက သူတို့ သတ်မှတ်ဈေးနဲ့ပဲ ရောင်းရမယ်။ ကိုယ့်သဘောနဲ့ကိုယ် ဈေးသတ်မှတ်ပြီး ရောင်းလို့ မရဘူးဆိုတဲ့အခါကျတော့ ဘယ်လုပ်ငန်းရှင် ဘယ်ဆီကုန်သည်မှလည်း ဒီဟာကြီးကို အရှုံးခံပြီး မသွင်းကြဘူးပေါ့အစ်ကိုရာ ပြဿနာက”

ရန်ကုန်နဲ့ မန္တလေးမြို့အပါအဝင် နိုင်ငံတစ်ဝန်းမှာ စက်သုံးဆီပြတ်လပ်ခဲ့မှုကြောင့် ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ခဲ့ရပြီး လူမှုကူညီရေးအသင်းတွေလည်း လူနာတွေကိုမကူညီနိုင်တော့ဘဲ ကားတွေ ရပ်နားထားခဲ့ရပါတယ်။

စစ်ကောင်စီအနေနဲ့ စက်သုံးဆီအပေါ် ကန့်သတ်မှုတွေကို ဖြေလျှော့ပေးမှသာ လက်ရှိပြဿနာတွေ ပြေလည်သွားလိမ့်မယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ထောက်ပြပါတယ်။

“ဘာမှ ကန့်သတ်ချက်မရှိဘဲနဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးလို့ရှိရင် အကုန်အဆင်ပြေသွားမှာဗျ။ အရင်တုန်းကပုံစံမျိုး ကိုယ့်ဟာနဲ့ကိုယ် လုပ်ငန်းလုပ်မယ်။ ဝယ်မယ်။ သူ့ဈေးနဲ့သူ ဖြစ်နေတယ်ဆိုလို့ရှိရင် ကိုယ့်အလုပ်ကိုယ်လုပ်နေလို့ရှိရင် ဒါဇာတ်လမ်းက အဆင်ပြေသွားမှာ အားလုံးက။ ကန့်သတ်ချက်တွေကို အရမ်းများလို့ရှိရင်လည်း ဘာမှ အလုပ်က ဆက်လုပ်လို့ မရဘူး။ အဲလိုဖြစ်နေတာ။ လိုင်စင်တွေမပေးဘူးဗျာ။ ကျွန်တော်တို့ဆိုရင် နှစ်ပေါက်နေပြီ လိုင်စင်မရှိဘူး။ အလုပ်မရှိဘူး။ ဝန်ထမ်းတွေဆိုရင် အိတ်စိုက်လခ ပေးနေရတာ”

လုပ်ငန်းသုံးစက်သုံးဆီ ဝယ်ယူရခက်ခဲနေပြီး မှောင်ခိုဈေး အဆမတန်မြင့်တက်နေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးသက်ကို RFA က ဩဂုတ်လ ၂၁ ရက်နေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

စက်သုံးဆီပြဿနာကိုဖြေရှင်းဖို့ စက်သုံးဆီလုပ်ငန်းရှင်တွေထံ ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်းတစ်ရာ ပံ့ပိုးပေးမယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့က ကြေညာထားပေမဲ့ ဒီနေ့အထိ စက်သုံးဆီပြဿနာ မဖြေရှင်းနိုင်သေးဘဲ မှောင်ခိုဈေးနဲ့ ဈေးကြီးပေးဝယ်ယူနေရဆဲဖြစ်တယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။

တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးပုံမှန်မရတာကြောင့် မီးစက်ကိုအားထားပြီး အသုံးပြုနေရတဲ့ အသေးစား၊ အလတ်စားလုပ်ငန်း လုပ်ကိုင်သူတွေကတော့ ဆီပြတ်လပ်တဲ့ ပြဿနာအမြန်ဆုံး ပြေလည်စေချင်သလို ဆီပြတ်လပ်ချိန် ဈေးအဆမတန်တင်ရောင်းသူတွေကိုပါ ထိထိရောက်ရောက် အရေးယူစေချင်တယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။