ရန်ကုန်မြို့မှာ စက်သုံးဆီပြတ်လပ်မှု ဆိုးရွားလာ

RFA Burmese
2024.08.14
ရန်ကုန်မြို့မှာ စက်သုံးဆီပြတ်လပ်မှု ဆိုးရွားလာ သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီရရန် တန်းစီစောင့်ဆိုင်းနေသည့် ဆီသယ်ယာဉ်များကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

[Update: 6: 01 PM, Aug 14, 2024]

ရန်ကုန်မြို့မှာ စက်သုံးဆီအရောင်းဆိုင် နှစ်ရာလောက်ရှိပေမဲ့ အခုရက်ပိုင်းအတွင်း ဆီပြတ်လပ်မှုကို ဆိုးဆိုးရွားရွားကြုံတွေ့နေကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်လောက်ကစလို့ စက်သုံးဆီအကျပ်အတည်းကို စတင်ကြုံလာကြရပြီး အခုရက်ပိုင်းတွေမှာတော့ ဆီကိုလိုသလောက် ဝယ်မရတော့တာ၊ ဆီတွေကုန်နေတာနဲ့ တချို့ဆိုင်တွေကို ပိတ်ထားရတဲ့အထိ ကြုံနေရတယ်လို့ပြောကြပါတယ်။

ရန်ကုန်မြို့က ဆီဆိုင်တိုင်းမှာ ကားအစီးရေ ရာနဲ့ချီ တန်းစီစောင့်ဆိုင်းကြရပြီး ဆီရဖို့ ပိုခက်ခဲလာတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်း ကိုကျော်သူက ပြောပါတယ်။

"ဆီက တန်းစီတယ်။ ဒါပေမယ့် ဆီဆိုင်က ပေးလား မပေးလားတော့ မသိဘူး၊ စီတော့ စီနေကြတာပဲ။ အခု ဒီဆိုင်ကပေးတယ်ဆို ပြုံပြီး သွားတန်းစီလိုက်။ တချို့ကျတော့လည်း ကားမဆွဲဘဲနဲ့ ကိုယ်ပိုင်ကားတွေက ဆီတွေပဲ ထုတ်ပြီး တန်းစီနေကြတာ။ တော်တော်များများကတော့ ကိုယ်ပိုင်ကားတွေများတာပဲ။ အခု ခက်တာက မော်ဒလ်အမြင့်တွေက သူတို့ကတိုးနေတော့ လိုင်းဆွဲတဲ့ကားတွေက နောက်ဆုပ်ပေးရသလို ဖြစ်နေတယ်။ မြို့ထဲဆို တော်တော်များများ ပိတ်ထားတယ်"

ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)

စက်သုံးဆီအရောင်းဆိုင်တွေမှာ အချိန်အတော်ကြာ တန်းစီစောင့်ဆိုင်းပေမဲ့ နောက်ဆုံးမှာ ဆီကုန်သွားလို့ မရလိုက်တာတွေ ရှိတယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ကားဒရိုင်ဘာတစ်ဦးက RFA ကိုပြောပါတယ်။

"နောက်ကားတွေအတွက်တောင် လုံးဝမကျန်တော့ဘူး၊ မရတော့ဘူး၊ နောက်ကလူတွေပြန်ပြီး လှည့်ထွက်သွားရတဲ့သူတွေတောင် ရှိတယ်။ ပြဿနာ အနေထားကတော့ တဖြေးဖြေးကျပ်တည်းလာမယ်၊ လူတွေ ဆူပူလာမယ်ထင်တာပဲ။ ဘာပြုလို့လည်းဆိုတော့ စက်သုံးဆီမှ မရတော့ဘူးဆို အခုရုံးတွေမှာ ကျွန်တော်တို့ဆိုရင် အရင်တုန်းကဆိုရင် ဇီဇယ်ကို ပုံးနဲ့ဝယ်လို့ရသေးတယ်၊ ပုံးမရတော့တဲ့အပြင် ကားတောင်မှ ပရီမီယံကြေး နှစ်သောင်းပဲရတယ်ဆိုတော့ တော်တော်လေး ခက်ခဲမှုက အများကြီးကြုံတွေ့လာရတယ်၊ ရုံးတွေအခက်ခဲတွေ အများကြီး ဖြစ်လာတယ်"

ရန်ကုန်မြို့မှာ စက်သုံးဆီပြတ်လပ်မှုဟာ တဖြည်းဖြည်းဆိုးရွားလာနေပြီး လူမှုကူညီရေးအသင်းတွေလည်း လူနာတွေကို မကူညီနိုင်တော့ဘဲ ကားတွေကို ရပ်ထားရတာတွေအထိ ရှိလာနေတယ်လို့ ပြောကြပါတယ်။

ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)

အရေးပေါ်လူနာတင်ကားတွေကို အရင်က ဦးစားပေးစနစ်နဲ့ ရောင်းပေးပေမဲ့ အခုတော့ အများနည်းတူ ဆိုင်တွေမှာ တန်းစီပြီးဝယ်ရတာကြောင့် ပိုခက်ခဲလာတယ်လို့ ရန်ကုန်မြို့က ပရဟိတသမားတစ်ဦးက ပြောပါတယ်။

“အရင်အခေါက်တွေ ပြတ်တုန်းကတော့ ကျွန်တော်တို့ လူနာတင်ကားတွေကို ဦးစားပေးပြီး ထည့်ပေးတဲ့ ဆီဆိုင်တွေ ရှိတယ်ဗျ။ ဒီတခေါက်မှာတော့ အကုန်လုံးတန်းတူပဲ။ ဘယ်ဆိုင်မှတော့ ပေးတာ မရှိဘူး။ Ambulance တွေကို ဦးစားပေးပြီးပေးတယ်ဆိုတာတော့ ဘယ်ဆိုင်မှ ကြေညာတာ မရှိဘူးဗျ။အကုန်လုံးတော့ ညအိပ်ပြီး သွားတန်းစီကြတယ်”


ဆက်နွှယ်သောသတင်းများ

နိုင်ငံတစ်ဝန်း စက်သုံးဆီ ရှားပါးပြတ်လပ်နေ

ရန်ကုန်မှာ စက်သုံးဆီပြတ်လပ်မှုကြောင့် အကန့်အသတ်နဲ့ ဝယ်ယူနေရ

ကလေးမြို့မှာ စက်သုံးဆီ တစ်လီတာ ၈၅၀၀ ကျပ်အထိ ဈေးတက်


မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ဆက်တိုက် ထိုးဆင်းကျနေပြီး အခုလက်ရှိ ပြင်ပပေါက်စျေး အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ ၆၀၀၀ ကျော်လောက်အထိ ရှိနေပါတယ်။ ဒါပေမဲ့ စက်သုံးဆီစျေးနှုန်းကို စစ်ကောင်စီက ကန့်သတ်ထားတဲ့အတွက် စျေးကွက်လိုအပ်ချက်အတိုင်းသွင်းမပေးနိုင်တာကြောင့် စက်သုံးဆီ ပြတ်လပ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“စျေးကွက်လိုအပ်နေတဲ့ အနေအထားပေါ့။ အဲဒီအနေအထားကို သူတို့သွင်းမပေးနိုင်လို့ ပြတ်နေတာ။ ဒါ့ကြောင့် နှောင့်နှေးနေတာပေါ့။ ကျွန်တော်သိသလောက်ကတော့ပေါ့ဗျာ။ သူတို့ ဒီစျေးပဲရောင်းရမယ်လို့ ကန့်သတ်လို့ ရှိရင်တော့ ဘာအလုပ်မှ သိပ်ပြီးရှောရှောရှူရှူ ဖြစ်လာမှာတော့ မဟုတ်ဘူး။ အပြင် ဒေါ်လာဝယ်ရတဲ့စျေးက မြင့်တယ်ဗျာ။ သွင်းပြီးတော့ ရောင်းတဲ့စျေးကျတော့ ဒီသတ်မှတ်ပေးထားတာ ဒီစျေးပဲရောင်းရမယ်လို့ ပြောတာ ကိုး။ အဲဒီတော့ အဆင်ပြေမှာ မဟုတ်ဘူးပေါ့ဗျာ”

စက်သုံးဆီအခက်အခဲကြောင့် ဝန်ထမ်းအကြိုအပို့လုပ်မယ့် ဖယ်ရီကားတွေနဲ့ ပစ္စည်းသယ်ယူပို့ဆောင်ပေးတဲ့ ကွန်တိန်နာကားတွေ အချိန်မီမထွက်နိုင်တဲ့ ပြဿနာတွေနဲ့ရင်ဆိုင်နေပြီး ရေရှည်ဆိုရင်တော့ လုပ်ငန်းတွေ ရပ်နားထားရဖို့များတယ်လို့လည်း နောက်ထပ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ နိုင်ငံအတွင်းမှာ စက်သုံးဆီဖူလုံဖို့ သီလဝါဆိပ်ကမ်းက သိုလှောင်ရေးစခန်းတွေမှာ အခုလလယ်လောက်အထိ လုံလုံလောက်လောက် သိုလှောင်ထားတယ်လို့ ဩဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ပြည်ပနိုင်ငံတွေက စက်သုံးဆီတင်သင်္ဘောတွေကိုလည်း စဉ်ဆက်မပြတ် ဝင်နိုင်ဖို့ စီစဉ်ထားတာကြောင့် စက်သုံးဆီပြတ်လပ်မှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက စက်သုံးဆီအရောင်းဆိုင် သုံးထောင်ကျော်အတွက် တစ်နေ့ကို ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ဂါလန် သုံးသန်းလောက်အထိ ဖြန့်ဖြူးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ လက်ရှိ မြို့ခံတွေ စက်သုံးဆီ ဝယ်မရတဲ့အထိ ကြုံနေရတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ အဲဒီကော်မတီကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံဖြေကြားတာမရှိပါဘူး။ အလားတူ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက တာဝန်ရှိသူ ဒေါက်တာဝင်းမြင့်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် လတ်တလော သတင်းပြန်ကြားတာတွေ မလုပ်နိုင်တဲ့အကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။